Part [1.2] Z+U

857 31 1
                                    

Sponsor

[ Part 1.2 ]
မူရင်းစာရေးသူ: 아노르이실
ဘာသာပြန်သူ: Nieve

ရိုက်ကွင်းက ဆူညံနေပေမဲ့ မူယွန့်အနားကလူတွေကတော့ တိတ်ဆိတ်နေသည်မှာ အထင်းသား။ ဒါရိုက်တာရဲ့စိတ်ဆိုးနေတဲ့အသံက ရိုက်ကွင်းအနှံ့ ပျံ့နှံ့နေပြီး မကြာခင်မှာပဲ ယူအီရင်းက ဝင်ရောက်လာခဲ့တယ်။

" CEO ဘာလို့ အထဲကို မဝင်ဘဲနဲ့... ရိုက်ကူးရေးပြီးတဲ့အထိ စောင့်မလို့လား၊ ဒီမှာ ထိုင်စရာမရှိဘူးလေ...."

" အဆင်ပြေပါတယ်၊ ရိုက်ကူးရေးပြီးတဲ့အထိ စောင့်ကြည့်မလို့"

မူယွန်ရဲ့မျက်လုံးတွေက ရိုက်ကွင်းထဲကို ဝင်လာတဲ့ ယူအီရင်းဆီမှာသာ။
ယူအီရင်းက ရိုက်ကွင်းထဲဝင်လာပြီး ဒါရိုက်တာဆီကို မသွားခင် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်ကာ ခေါင်းကို ခပ်ကြမ်းကြမ်းယမ်းပြီး ဒါရိုက်တာကြီးကို နှုတ်ဆက်လိုက်တယ်။ အဲ့ဒီနောက် ဒါရိုက်တာနဲ့ အကြောင်းအရာတချို့ပြောနေပြီး အဲ့ဒီထဲမှာ မူယွန်ရဲ့အကြောင်းလည်း ပါနိုင်ပါတယ်။
ကုမ္ပဏီရဲ့ပုံရိပ်အတွက် ကြော်ငြာရိုက်ကူးရေးကို CEO ကိုယ်တိုင် ရောက်ချလာပြီး ဒါရိုက်တာက ဘာမှ ပြောလို့မရတာကိုသိတဲ့မူယွန်က သူ့ဆီက အံ့အားသင့်တဲ့ပုံစံကို မျှော်လင့်ထားမိတယ်။
ဒါပေမဲ့ နောက်ဆုံး ဖုန်းခေါ်ဆိုမှုလိုပဲ ယူအီရင်းက ဒီတစ်ကြိမ်မှာလည်း မထင်မှတ်စွာ ပြုမူလာတယ်။ ဒါရိုက်တာက မူယွန့်အကြောင်း ပြောလိုက်လို့ဖြစ်မယ် ဖျတ်ခနဲအကြည့်တစ်ချက်ရောက်လာပြီး မူယွန်က ဘာမှမတုံ့ပြန်ရသေးခင်မှာပဲ ဒါရိုက်တာကြီးဆီ အကြည့်ပြန်ပို့ပြီး မူယွန်ကို နောက်ထပ်ကြည့်မလာတော့ပါ။
တကယ်တော့ မူယွန်တွေးထားတဲ့ ယူအီရင်းရဲ့ပုံစံနဲ့ အခုမြင်နေရတဲ့ပုံစံက တခြားစီသာ။
လူကိုယ်တိုင်တွေ့လိုက်ရတဲ့ ယူအီရင်းက ကင်မရာထဲကနဲ့ ကွဲပြားနေပြီး ဖန်သားပြင်ထက်မှာ တွေ့ရတဲ့ အပြုံးချိုချိုလေးတွေကိုလည်း အစအနတောင် ရှာမရပါ။
ကင်မရာပိတ်သွားချိန်မှာတော့ ခံစားချက်ကင်းမဲ့တဲ့ပုံစံနဲ့ ဘာစကားမှမပြောဘဲ တစ်ခါတလေကျရင်တော့ စိတ်ဆိုးဒေါသထွက်နေပုံ။
တကယ်တော့ သူက ကင်မရာရှေ့ရောက်တဲ့အခါ အမြဲတမ်း ကြည့်ကောင်းပြီး ဖော်ရွေတတ်တဲ့သူလိုမျိုး မျက်ဝန်းထဲမှာ အချစ်တွေအပြည့်နဲ့ တောက်ပစွာပြုံးတတ်ရုံသာမက သူပြောလိုက်တဲ့စကားသံလေးကလည်း ညင်သာပြီး နားဝင်ချိုလှပေမဲ့ ပုံမှန်အချိန်တွေမှာတော့ မျက်ခုံးတွေကို အနည်းငယ် တွန့်ချိုးထားတတ်ပြန်တယ်။
မူယွန်က အစိတ်အပိုင်းတစ်ခုစီတိုင်းကို အသေးစိတ်လိုက်ကြည့်နေမိတယ်။ ယူအီရင်းနဲ့ ခဏလောက်အကြည့်ချင်းဆုံသွားပေမဲ့ သူ့ကို ကြည့်လာတာမဟုတ်ဘဲ မျက်စိကစားရင်းနဲ့ သူ့ကို မြင်သွားရုံပါပဲ။
မူယွန့်အတွက် အံ့အားသင့်စေတာက တခြားသူတွေ သူရဲ့နာမည် ဘွဲ့ထူးဂုဏ်ထူးတွေကို သိတာနဲ့ နီးစပ်ဖို့ ကြိုးစားလာကြပေမဲ့ ယူအီရင်းကတော့ မူယွန်ရဲ့ဘက်က အရင်တွေ့ချင်တာကို ငြင်းဆိုခဲ့ရုံသာမက အခုလို နောက်ထပ်အခွင့်အရေးဖန်တီးပေးတာတောင်မှ အကြည့်လေးတစ်ချက်တောင် စွန့်ကြဲမလာခဲ့ပါဘူး။
မူယွန်က အလျှော့မပေးဘဲ အဆုံးထိ ယူအီရင်းကို ကြည့်နေခဲ့ပြီး ဒါကို သူလည်း ခံစားမိလောက်ပေမဲ့ သူ့ဆီကို လာမတွေ့ဘဲ ရိုက်ကူးရေးကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့တယ်။

SponsorTempat cerita menjadi hidup. Temukan sekarang