" ခါးခါးလူးမလို့လား သမီးလေး "

" ဟုတ် မေကြီး "

" အာ့ဆို.. မေကြီး လူးပေးမယ်လေနော် "

" ..... "

မိခင်ဖြစ်သူဆီကနေ တစ်ကြိမ်တစ်ခါမျှမကြားဖူးခဲ့တဲ့ စကားလေးတစ်ခွန်းကြောင့်ထင်..၊ ခညောင်းဦးမျက်ဝန်းတွင် မျက်ရည်ကြည်များပင် ဝေ့သွားရရှာလေသည်။ လက်ခံကြောင်းကို တုံ့ပြန်ပြောဆိုဖို့တောင်မှ ဆို့နင့်သွားရတာကြောင့် ခေါင်းလုံးလုံးလေးကိုသာ ခညောင်းဦးခပ်သွက်သွက် ညိတ်ပြလိုက်တော့သည်။

အပြုံးကြီးကြီးပန်ဆင်လာတဲ့ ဒေါ်ကညောင်းမေက ခရေပန်းရနံ့သင်းပျံ့နေပါသော သနပ်ခါးရေကျဲကျဲကို လက်ချောင်းများဖြင့်သပ်ယူလိုက်ပြီး ခညောင်းဦးရဲ့ မျက်နှာဖောင်းဖောင်းလေးပေါ် ခပ်ပါးပါး လိမ်းခြယ်ပေးလာသည်။ သနပ်ခါးလေးနဲ့မို့ ခညောင်းဦးတွင်နဂိုရှိပြီးသား အကြည်ဓာတ်လေးမှာ ပို၍ပင်ချစ်စဖွယ်ကောင်းစွာ ပွင့်အာလာရပါသည်။

" မေ့သမီးလေးက သိပ်ချစ်ဖို့ကောင်းတာပဲ "

ခညောင်းဦးရဲ့မျက်နှာနုနုလေးကို အသေအချာငေးကြည့်ရင်းက ပြောလာတဲ့ ဒေါ်ကညောင်းမေပုံစံမှာ စိတ်ချို့ယွင်းနေသူနဲ့မတူဘဲ မိခင်မေတ္တာများအတိဝေဖြာလျက်။ အရင်တစ်ခေါက်ကိစ္စ ဖြစ်သွားပြီးတည်းက ခညောင်းဦးကိုဆို သူ့မျက်စိအောက်ကနေ လုံးဝ အပျောက်မခံလိုတော့တဲ့ ဒေါ်ကညောင်းမေအနေနဲ့ ကိုယ့်ကလေးကို တစ်ပါးသူလက်ထဲမထည့်လိုမှန်း သိပ်သိသာရသည်။

" မြေးလေးရေ! သမီးဖြူ စောင့်နေရဦးမယ်နော် "

" ဟုတ်! ဘွားမေ.. "

ဒေါ်ခင်နှင်းကြည်ရဲ့ လှမ်းအသိပေးမှုကြောင့် ခြောက်လုဆဲဆဲဆံနွယ်ရှည်တွေကို ခညောင်းဦး ဘီးနဲ့ဖြီးသင်ရှင်းလင်းပြီးနောက် ဦးခေါင်းထိပ်တွင် သေချာထုံးတင်ရစ်ပတ်လိုက်သည်။ ငယ်စဉ်အရွယ်တည်းက အခုချိန်ထိတိုင် ဆံရစ်ဝိုင်းဆံပင်လေးနဲ့ ခညောင်းဦးကို မြင်တွေ့သူတိုင်းအဖို့ နှစ်ခါပြန်ကြည့်ရသည်အထိ တစ်မူထူးခြားနေခဲ့သည်လေ။

အိမ်ကထွက်ဖို့ပြင်နေတဲ့ ခညောင်းဦးအနောက်တွင် ဒေါ်ကညောင်းမေက မခွဲအတူသာ ကပ်ပါလာခဲ့သည်။ ဒါပေမဲ့ အိမ်အောက်အထိတော့ ဆင်းလိုက်မလာခဲ့ချေ။ သူ့ခမျာလည်း အိမ်အောက်ဆင်းတာနဲ့ အရိုက်ခံရမယ်ဆိုပြီး ဒေါ်ခင်နှင်းကြည်အပြစ်ပေးတာကို ခံထားရသည်ကိုး။

ငပြူးငလူးWhere stories live. Discover now