" အိုကွယ်.. "

အဝတ်အစား အသစ်ဝယ်နိုင်ဖို့ထက် တစ်နေ့တစ်နေ့ လူသုံးယောက်စာအတွက် ထမင်းနပ်မှန်ဖို့တောင် မနည်းရုန်းကန်နေရသူမို့ ဒေါ်ခင်နှင်းကြည်အနေနဲ့ အများကြီး ထပ်မတွေးတောနိုင်ခဲ့ပါ။ အသက် ၃၈နှစ်အရွယ်မှာပဲ အမှတ်မထင် မြေးလေးတစ်ယောက်ကို တစ်ကိုယ်တည်းပျိုးထောင်လာခဲ့ရသလို စိတ်ဖောက်ပြန်နေတဲ့ သမီးဖြစ်သူကိုလည်း တတ်စွမ်းသလိုလေး စောင့်ရှောက်နေရတာကြောင့် ငွေရေးကြေးရေးမှာ ဘယ်လိုမှလက်မလည်နိုင်ခဲ့ပြန်..။

ကျောင်းမထားနိုင်တဲ့ အခြေအနေဆိုပေမယ့် မြေးငယ်ကိုယ်တိုင်က ကျောင်းတက်ချင်ကြောင်းကို ပထမဦးဆုံးပူဆာလာခဲ့တာကြောင့် မနက်တိုင်းပဲပြုတ်ဝယ်နေကျ မမညိုပေးကမ်းလာတဲ့ ကျောင်းဝတ်စုံနှစ်ထည်ကိုသာ ဝမ်းသာအားရယူခဲ့မိသည်လေ။ လူကြီးတွေကိုယ်တိုင်က အသုံးမကျခဲ့တာကြောင့် စိတ်ဒဏ်ရာရနေတဲ့မြေးငယ်လေးခမျာ ကျောင်းမှာလည်း မျက်နှာငယ်နေရတဲ့အဖြစ်ကိုပါ ရောက်ရရှာပြီပေါ့..။

" ဘွားမေကို ခွင့်လွှတ်ပါ ငါ့မြေးလေးရယ်..။ ဒီအဘွားက အသုံးမကျခဲ့လို့.. ငါ့မြေးလေး ဝမ်းနည်းနေရပြီ။ ကဲ.. ဘွားမေတို့ အိမ်ပဲပြန်ကြရအောင်နော်.. ဟုတ်ပြီလား.. "

ရှိုက်သံတိုးတိုးကို အသာထိန်းပြုရင်းက ကျောပြင်သေးသေးကို အသာပွတ်သပ်လို့ အဖိုးမထိုက်တန်သော စကားလုံးများကြားသာ နစ်မြုပ်ရပြန်ရောပေါ့။

" အင့်.. ဘွားမေ.. "

" ပြော ငါ့မြေးလေး "

" ဆရာမက.. ကျောင်းဝတ်စုံတွေကို သမီး..သားအတွက် အလှူခံပေးမယ်လို့.. ပြောတယ်.. "

" ဟင် ဟုတ်သလား.. "

" အင်း..။ အာ့.. ကျောင်းမလာလို့.. ဆရာမ မပေးတော့ရင် ဘယ်လိုလုပ်မလဲဟင်..။ သား.. ကျောင်းပျက်လို့ မရဘူး..ထင်တယ်နော်.. ဘွားမေ.. "

" မြေးလေးက ကျောင်းသွားချင်သေးလို့လားကွယ် "

" .. ဟုတ်.. "

မဝံ့ရဲစွာနဲ့ပဲ ကျောင်းဆက်တက်ဖို့ကိုသာ ရွေးချယ်နေရှာသည့် ခညောင်းဦးက သူ့အတန်းဖော်တွေကို မကြောက်လို့တော့မဟုတ်..။ ၈နှစ်တာအတောအတွင်းမှာ ဘယ်အရာတွေပဲကြုံလာပါစေ..၊ အကောင်းဆုံးရင်ဆိုင်ကြမယ်ဆိုတဲ့ မြေးအဘွားနှစ်ယောက်ရဲ့ ခြေလှမ်းတွေကတော့ မူလတန်းကျောင်းလေးဆီသို့သာ ပြန်၍ဦးတည်သွားလေသည်။

ငပြူးငလူးWhere stories live. Discover now