"သွားမယ် ထ!"

ပစ္စည်းတွေသိမ်းပြီးဖြစ်သွားတဲ့ကျန့်ကောကဝမ်ရိပေါ်အနားလာရပ်ရင်းပြောတယ်။ အပြာနုရောင်လက်ရှည်လေးဆီကပိုလျှံပြီးထွက်လာတဲ့လက်ချောင်းတွေကိုသွားဆုတ်ကိုင်လိုက်တော့တစ်ချက်ငဲ့ကြည့်လာတယ်။ ဘာမှတော့မပြောပါဘူး။ နှုတ်ကနေထုတ်ဖော်မပြောရင်တောင်ကျန့်ကောကဒီလိုအပြုအမူနွေးနွေးလေးတွေကိုသဘောကျကြောင်းမျက်ဝန်းတွေကနေတဆင့်ရိပေါ်သိပါတယ်။

"ကျွန်တော့်ခါးကိုသေချာကိုင်ထားပါဗျ"

စက်ဘီးပေါ်ကိုခွတက်လိုက်တဲ့ကျန့်ကောကိုဝမ်ရိပေါ်ပြောတော့ ကျန့်ကောကခေါင်းတစ်ချက်ညိမ့်တယ်။ စက်ဘီးကိုစနင်းလိုက်တာနဲ့ကျန့်ကောလက်ချောင်းတွေကဝမ်ရိပေါ်ခါးဆီရောက်လာတယ်။ ကျန့်ကောကလူကြောက်လေးပါပဲ။ အထက်တန်းကျောင်းသားဘဝတုန်းကခပ်ဆိုးဆိုးစီနီယာအစ်ကိုကြီးပုံစံဖမ်းနေပေမယ့်တကယ်တော့အသည်းငယ်တတ်တဲ့ယုန်ကလေးဖြစ်နေတယ်။ စက်ဘီးပေါ်ကပြုတ်ကျမှာကိုသူ့စီနီယာအစ်ကိုကြီးစိုးရိမ်နေပုံရပါတယ်။

စက်ဘီးရဲ့ဘီးကလေးတစ်ပတ်ချင်းလိမ့်သွားတာနဲ့အတူ နွေဦးရာသီရဲ့လေပြေညှင်းလေးကမျက်နှာကိုလာရိုက်ခတ်တယ်။ ပတ်ဝန်းကျင်တစ်​ခုလုံးကိုလွှမ်းခြုံထားတဲ့နွေဦးလေပြေနဲ့အတူစက်ဘီးကလေးဟာတလိမ့်လိမ့်။ ကျန့်ကောခန္ဓာကိုယ်ကပိန်သွယ်သွယ်ပဲမို့စက်ဘီးနင်းရတာလေးနေတာမျိုးမရှိဘဲသက်တောင့်သက်သာပါပဲ။

"မင်းငါ့လက်ကိုငုံ့ကြည့်မနေဘဲနင်း"

ရိပေါ်ရဲ့ခါးဆီရစ်သိုင်းထားတဲ့ကျန့်ကောလက်ကိုခဏခဏငုံ့ကြည့်နေတော့ ကျန့်ကောကသိသွားပုံရတယ်။ ဆူသလိုလေသံလေးနဲ့ပြောလာတယ်။

"ဟုတ်ကဲ့ ကျန့်ကောမကြိုက်ရင်မကြည့်တော့ဘူးဗျ"

လက်ချောင်းတွေဆီကနေအကြည့်လွှဲလိုက်ပြီးစက်ဘီးကိုသေချာနင်းလိုက်တယ်။ ကျန့်ကောကတော့ဘာမှပြန်မပြောတော့ဘူး။ တကယ်တော့ကျန့်ကောကပိတ်ပင်ချင်တာမျိုးမဟုတ်ဘဲစက်ဘီးလဲမှာစိုးနေတာပါ။ ဝမ်ရိပေါ်ကလည်းကျန့်ကောလက်ကိုပဲသွားကြည့်မိနေတာကိုး။

Came From Deepest SomewhereWhere stories live. Discover now