Chapter-10

106 6 0
                                    

အချိန်ကာလတွေက ခပ်မြန်မြန်ဘဲကုန်ဆုံးလာတယ်။ ဆန္ဒနဲ့ဘဝဟာတစ်ထပ်တည်းမကျဘူးဆိုတာမှန်ပါတယ်။ အချိန်တွေကိုရပ်ပစ်လို့ရရင်ကောင်းလိမ့်မယ်။ ဒါပေမယ့် ဒါကလည်းရိပေါ်အတွက်မဖြစ်နိုင်မှန်းအသိသာကြီး။ နွေရာသီဟာခပ်မြန်မြန်ဘဲကုန်ဆုံးလာသလို အိမ်ရှေ့လမ်းမကယူကလစ်ပင်ကလည်း မိုးဦးနဲ့အတူစိမ်းလန်းစပြုနေပြီ။ အစိမ်းရောင်တွေကို ဒီတစ်ကြိမ်မှာရိပေါ်မနှစ်မြို့ပါဘူး။ နွေကိုလည်းမကုန်စေချင်သေးသလို ယူကလစ်တွေကိုလည်းညှိုးခြောက်နေစေချင်သေးတယ်။

နောက်တစ်ပတ်လောက်နေရင်ကျောင်းဖွင့်တော့မှာမို့ ရိပေါ်လည်းအထက်တန်းတက်ရတော့မယ်။ ဒါကြောင့်မို့အချိန်တွေရပ်ပစ်ချင်နေတာတော့ ကျိန်းသေပေါက်မဟုတ်ပါဘူး။ အချိန်တွေကိုရပ်ထားချင်ရတဲ့အကြောင်းပြချက်က စီနီယာအစ်ကိုကြီးကလွဲရင်တခြားမရှိဘူး။ စီနီယာအစ်ကိုကြီးကပေကျင်းကိုသွားရတော့မယ်။ အထက်တန်းကျောင်းတွေနဲ့တက္ကသိုလ်ဖွင့်ချိန်ဟာအတူဆိုပေမယ့် စီနီယာအစ်ကိုကြီးကအဆောင်မှာနေရမှာမို့ စောပြီးနေရာချတာတွေ၊ဘာတွေလုပ်ဖို့အတွက် တစ်ပတ်ကြိုပြီးသွားရမယ်။ ဖြစ်နိုင်ရင်တော့နေစေချင်သေးပေမယ့် ရိပေါ်ဘာမှမတတ်နိုင်တာကအမှန်တရားဘဲ။

စီနီယာအစ်ကိုကြီးကိုခဏဖြစ်ဖြစ်ပြေးတွေ့ချင်တယ်။ ဒါပေမယ့် စိတ်ရှုပ်သွားစေမှာလည်း ရိပေါ်ကကြောက်ပြန်တယ်။ မတော်လို့စိတ်ခုသွားခဲ့ရင် ကျောင်းပိတ်ရက်တွေပြန်လာတဲ့အခါ ထပ်မတွေ့ရတော့မှာကိုလည်း ရိပေါ်စိုးရိမ်နေသေးတယ်။

​ဒေါက်~ဒေါက်~ဒေါက်

ပြတင်းပေါက်နားမှာထိုင်နေတုန်း အခန်းတံခါးခေါက်သံကြောင့် တံခါးသွားဖွင့်ဖို့ပြင်လိုက်တယ်။ တစ်အိမ်လုံးမှသားအမိနှစ်ယောက်တည်းမို့ တံခါးလာခေါက်တာကမားမားမှန်းသူသိပါတယ်။ ဒါပေမယ့် မားမားကရိပေါ်အခန်းကို တချို့အချိန်တွေကလွဲရင်တံခါးအမြဲခေါက်တယ်။ ဒါကရိပေါ်အပေါ်ထားတဲ့မားမားရဲ့စည်းတစ်ခုပေါ့။ ရိပေါ်နေမကောင်းတဲ့အချိန်တွေကလွဲရင် မားမားကအမြဲအဲ့လိုဘဲ။ အခန်းတံခါးဖွင့်လိုက်တော့ မနက်ခင်းနဲ့အတူလန်းလန်းဆန်းဆန်းဖြစ်နေတဲ့မားမားမျက်နှာကိုတွေ့ရတယ်။ ရိပေါ်ကသာ မျက်နှာညှိုးနေတာ။

Came From Deepest SomewhereOnde histórias criam vida. Descubra agora