အခန်းပြတင်းတံခါးကိုဖွင့်ကြည့်ဖို့သူမဝံ့ရဲဘူး။ ကြည်စင်နေတဲ့ကောင်းကင်ပြာကြီးကိုမြင်ရရင် သူအရူးရင့်လိမ့်မယ်။ လွမ်းပြီးသားလူကိုပိုလွမ်းလိမ့်မယ်။ ရက်ပိုင်းလေးဘဲရှိသေးတာတောင်သေမတတ်ယိုင်လဲနေတာ တစ်ဘဝလုံးစာကြီးကျောခိုင်းရတဲ့အခါဘယ်စိတ်နဲ့ရှင်သန်ရမလဲ။ အတွေးတွေကလူကိုသတ်တယ်။ လက်ထပ်ပွဲနေ့မှာပြုံးနေမယ့်အဲ့ဒီလူကိုတွေးမိတော့ ရင်ဘတ်ကမီးစနဲ့ထိုးသလိုပူတယ်။ ဒဏ်ရာတွေကထင်ထားတာထက်နက်သလိုမေ့ရ၊မုန်းရတာလည်းထင်ထားတာထက်ခက်တယ်။ ချစ်နေရရုံပါဘဲဆိုတဲ့သူကအပြောနဲ့အလုပ်နဲ့မညီဘူး။ လက်လွှတ်လိုက်ရပြီဆိုတဲ့အတွေးတွေနဲ့တင် စိတ်အာရုံကလေဟာနယ်ထဲပြုတ်ကျသွားတတ်တယ်။

မနက်ဖြန်ဆိုရင်လက်ထပ်ပွဲနေ့ကိုရောက်ပြီ။ မားမားကိုပြောပြီးကျူးလစ်ခင်းကတိုက်ပုကလေးမှာအိပ်ဖို့ထွက်လာခဲ့တယ်။ အနီးအနားမှာဆိုရင်သူကမရောက်ရောက်အောင်သွားငေးဖြစ်သွားမှာစိုးရတယ်။ မသိသလိုနေခဲ့ကြဖို့ပြောခဲ့တဲ့သူကဝမ်ရိပေါ်ဖြစ်ပြီး တကယ်မသိသလိုနေတော့မယ့်သူဟာရှောင်းကျန့်ဖြစ်လိမ့်မယ်။ ကျောခိုင်းလာခဲ့တဲ့သူဟာဝမ်ရိပေါ်ကိုယ်တိုင်ဘဲဖြစ်ပေမယ့် မပြီးမပြတ်ဆက်ပြီးတွယ်ငြိမလွတ်မြောက်နိုင်တာကလည်းသူဘဲဖြစ်နေခဲ့တယ်။ စိတ္တဇနဲ့ဖြတ်သန်းခဲ့ရတဲ့အချိန်ကာလတွေပါဘဲ။ လက်ထဲကဘူးကလေးကိုဖွင့်ကြည့်မိတော့လည်းအတိတ်မှာထပ်ခါထပ်ခါသေရပြန်တယ်။ ဗလာစာအုပ်အပြာနုရောင်ကလေး၊အနာကပ်ပလာစတာအခွံကလေး၊ ပြီးတော့စာရွက်ပိုင်းသေးသေးလေးနဲ့ အဆုံးကပ်ပါးကောင်လိုတွယ်ကပ်ခဲ့တဲ့ဘဝတုန်းကမျက်မှန်ကလေးပါရှိနေသေးတယ်။ ဒီလောက်အမှတ်တရတွေအများကြီးရှိခဲ့တာတောင်ရှောင်းကျန့်မို့လို့မေ့နိုင်ရက်တယ်။

အိပ်စက်ရမယ့်ညဆိုပေမယ့် ဝမ်ရိပေါ်အတွက်ကတော့အိပ်ပျက်ခဲ့တဲ့ညပါဘဲ။ တုံးအလွန်းနေတဲ့ဝမ်ရိပေါ်ကအမှတ်တရတွေကိုအဆုံးထိဆွဲထားခဲ့တယ်။ အမှတ်သညာမရှိစာရွက်ပိုင်းကလေးကိုကြည့်ရင်းညလုံးပေါက်ငိုင်တယ်။တယုတယနဲ့စိုးရိမ်ပူပန်လွန်းလို့ပို့ခဲ့ဖူးတဲ့ဖုန်းထဲကစာတိုလေးတွေကိုခပ်ဆွေးဆွေးပြန်ကြည့်ရင်းတစ်ညတာကုန်ပါတယ်။ တချပ်ချပ်ရွေ့လျားနေတဲ့စက္ကန့်လက်တံတွေနဲ့အတူအလင်းရောင်ပျို့ပျို့ရလာတယ်။ ကုန်ဆုံးသွားတဲ့ညတာတွေလိုမျိုးသူ့အချစ်တွေလည်းသက်တမ်းကုန်ခဲ့ရင်ကောင်းမယ်။ ဝမ်ရိပေါ်တစ်ညလုံးမအိပ်ရသေးဘူး။ မကြာခင်နာရီပိုင်းတွေအပြီးမှာသူတို့အပြီးတိုင်သူစိမ်းတွေဖြစ်သွားကြတော့မယ်နဲ့တူတယ်။ ပုံပြင်ကလေးရဲ့အဆုံးမှာရှောင်းကျန့်ကဝမ်ရိပေါ်ကိုထားခဲ့ပါတယ်။ ဒဏ်ရာတွေနဲ့။

Came From Deepest SomewhereWhere stories live. Discover now