"မားကမအိပ်သေးဘူးလား ညဥ့်နက်ပြီလေဗျာ"

ရိပေါ်ကမေးတော့မားမားကခေါင်းအသာခါပြတယ်။

"တရေးနိုးလာတာ ဝမ်ပေါင်ပေ့ရဲ့
မီးရောင်​​မြင်နေရတာနဲ့ဝမ်ပေါင်ပေ့မအိပ်သေးဘူးထင်လို့ ပြီးတော့မားမားပြောစရာလေးရောရှိတာ ညနေတုန်းကမေ့သွားလို့သာ"

မားမားစကားကြောင့် ရိပေါ်လုပ်လက်စသင်ခန်းစာတွေကိုရပ်လိုက်တယ်။ မားမားဘာပြောမလဲဆိုတာသူမသိပေမယ့် မားမားပြောသမျှစကားတိုင်းကိုအလေးထားနားထောင်ပေးတတ်တာဟိုးအရင်တည်းက။

"မနက်ကျမှလာပြောလည်းရရဲ့သားနဲ့ မားရယ် အိပ်ရေးပျက်ခံလို့ဗျာ"

မျက်မှန်ကိုင်းလေးကိုတစ်ချက်ပင့်တင်လိုက်ရင်း ရိပေါ်ကဆူသလိုပြောတော့ မားမားကပြုံးတယ်။ စာကြည့်မီးအလင်းရောင်နဲ့မြင်နေရတဲ့မားမားရဲ့အပြုံးက ရိပေါ်ငယ်ငယ်ကလိုဘဲတောက်ပနေတုန်း။ သိပ်မြတ်နိုးတန်ဖိုးထားဖို့ကောင်းနေတုန်း။

"ခုပြောချင်လို့ပေါ့ မားမားအချစ်ကလေးရဲ့"

ရိပေါ်ခေါင်းလုံးလုံးကိုခပ်ဖွဖွပုတ်လိုက်ရင်း မားမားကအဲ့လိုပြောတယ်။

"ဟုတ်ကဲ့ မားမားသဘောပါဗျ"

မားမားသိပ်သဘောကျတဲ့အပြုံးမျိုး၊တစ်နည်းအားဖြင့် ပါးဖောင်းဖောင်းတွေမို့တက်အောင်ပြုံးပြရင်း ရိပေါ်ပြောလိုက်တယ်။ အတတ်နိုင်ဆုံးရိပေါ်လုပ်နိုင်သမျှလုပ်ပေးရင်း မားမားကိုစိတ်ချမ်းသာစေချင်တယ်။ မားမားမှမဟုတ်ဘူး။ စီနီယာအစ်ကိုကြီးကိုလည်း ရိပေါ်တတ်နိုင်သလောက်တော့ပျော်အောင်ထားပေးချင်တာဘဲ။ ချစ်ပုံချစ်နည်းချင်း၊ချစ်မိတဲ့အဓိပ္ပါယ်ချင်းကွဲလွဲတာကလွဲရင် နှစ်ယောက်လုံးကိုရိပေါ်ချစ်ပါတယ်။

"မနက်က ရှောင်ယင်းနဲ့တွေ့ခဲ့တယ်"

ခပ်တိုးတိုးမားမားစကားသံကြောင့်ရိပေါ်ရင်ထဲလှိုက်ခနဲခုန်သွားတယ်။ စာကြည့်မီးရောင်လေးလည်းအရင်ကထက်ပိုလင်းလာသလိုလို။ ပြီးတော့ခပ်ယဲ့ယဲ့မှိန်ပျပျမျှော်လင့်ချက်သေးသေးကလေးလည်း အရင်ကထက်အရောင်တောက်လာသလိုလို။

Came From Deepest SomewhereOnde histórias criam vida. Descubra agora