ကျောင်းနားရောက်တော့ မားမားကစိတ်မချသလိုတတွတ်တွတ်မှာနေတာမို့ ရိပေါ်ခေါင်းကိုခပ်မြန်မြန်ဘဲညိမ့်ပြလိုက်တယ်။ ဒါမှမားမားကစိတ်ချနိုင်မှာ။

"မားသာ ကောင်းကောင်းပြန်ပါ
ကျွန်တော့်ကိုစိတ်မပူပါနဲ့ မားရဲ့
ကျွန်တော်က ကလေးမဟုတ်တော့ပါဘူးဗျာ"

ပါးတွေမို့တက်အောင်ထပ်ပြုံးပြတော့ မျက်မှန်ဝိုင်းလေးကပါအပေါ်ကိုတက်လာတယ်။ ကလေးမဟုတ်ဘူးပြောနေပေမယ့် အခုလိုပြုံးတိုင်းကလေးနဲ့တူနေတတ်တာကို ရိပေါ်ကိုယ်တိုင်သိပါတယ်။ မားမားကတော့ ရိပေါ်အဲ့လိုပြုံးတိုင်း  အနှီးထုတ်ကလေးထဲမှာထုတ်သိမ်းထားချင်တယ်လို့ ခဏခဏပြောတတ်ပါတယ်။

"ဒါဆို မားမားသွားပြီနော် ဝမ်ပေါင်ပေ့"

လက်ကာပြရင်းနှုတ်ဆက်သွားတဲ့မားမားကိုခဏရပ်ကြည့်ပြီးတော့ ရိပေါ်ကျောင်းထဲဝင်ဖို့ပြင်လိုက်တယ်။ စီနီယာအစ်ကိုကြီးမရှိတဲ့ကျောင်းဝန်းကြီးဆိုတဲ့အသိနဲ့ ရိပေါ်ရင်ထဲလှိုက်ခနဲလွမ်းမိသွားတယ်။ ရိပေါ်ကပြသနာထုပ်လေးဘဲ။ လွမ်းမိရင်ကျို့ထိုးလိမ့်မယ်ဆိုပြီး အခုနည်းနည်းလွမ်းမိသွားပြန်ပြီ။ ဒါပေမယ့်တစ်ဆက်တည်းဆိုသလိုဘဲ မနက်ဖြန်ညနေဆိုတွေ့ရတော့မယ့်အရိပ်ပြာကလေးကိုတွေးရင်း ရိပေါ်ကရင်ခုန်ပြန်သေးတယ်။ တကယ့်ကိုရိပေါ်ကအရူးလိုပါဘဲ။ ခုလွမ်းလိုက်၊ခုရင်ခုန်လိုက်နဲ့။

"ဟေး မားမားဘွိုင်းလေး"

စာသင်ခန်းထဲကိုလှမ်းဝင်တော့ လင်းဝေ့ကအာပြဲကြီးနဲ့လှမ်းအော်တယ်။ ကျောင်းကိုမားမားလိုက်ပို့တာ လင်းဝေ့ကသိပုံရပါတယ်။ ဒါကြောင့်မို့ ကျက်သရေရှိလှတဲ့မနက်ခင်းလေးမှာ ဒီလိုအသံကြီးနဲ့လှမ်းနှုတ်ဆက်နေတာဖြစ်မှာ။

"ကျောင်းပိတ်ရက်မှာတို့ကိုလွမ်းရဲ့လား
ရိပေါ်ကောကော"

နေရာမှာဝင်ထိုင်လိုက်တာနဲ့ လင်းဝေ့ကထုံးစံအတိုင်း ပြီတီတီရုပ်နဲ့ခပ်ချွဲချွဲပြောတယ်။ ပြောရရင်တော့လင်းဝေ့ကိုရိပေါ်တစ်စက်ကလေးမှမလွမ်းပါဘူး။ တစ်ချက်ကလေးမှလည်းသတိမရမိပါဘူး။ ဒါကရေမရောတဲ့အမှန်တရားပါဘဲ။ ရိပေါ်ကအချိန်ရှိရင်ရှိသလောက် စီနီယာအစ်ကိုကြီးကိုဘဲလွမ်းနေခဲ့တာ။ ဒါတောင် ကျို့ထိုးမှာစိုးတဲ့စိတ်နဲ့ကိုယ့်ကိုယ်ကိုထိန်းချုပ်နေခဲ့ရတာမို့သာ အချိန်တိုင်းမလွမ်းခဲ့တာပေါ့။

Came From Deepest SomewhereWhere stories live. Discover now