UNICODE
ဘေစင်ထဲရှိ အနီရောင်သွေးတွေကိုကြည့်ပြီး ဂျယ်ဟျော့ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ပြီးနောက် ရေပိုက်ကိုဖွင့်ကာ အနီရောင်သွေးတွေအား ဘေစင်ထဲမှ ပြောင်စင်သွားစေလိုက်သည်။မှန်ထဲ၌ မြင်နေရသည့် ဂျယ်ဟျော့၏ မျက်နှာဟာ ဖြူဖျော့နေပြီး နှုတ်ခမ်းတွေသည်လည်း ခြောက်ကပ်လို့နေသည်။အေးစက်နေသည့် ရေအေးတွေကို လက်ဖဝါးနှစ်ဖက်နဲ့ ခံယူရင်း မျက်နှာ သစ်လိုက်သည်။
“အင်း .. ခုမှပဲ နေသာထိုင်သာရှိသွားတော့တယ်”
ရေထိထားသည်မို့ လက်တွေကတော့ အေးစက်နေပြီ။မျက်နှာပေါ်ရှိ ရေစက်တွေကို တစ်သျှူးဖြင့်သုတ်ပြီး တစ်သျှူးကို အမှိုက်ပုံးထဲ ပစ်လိုက်သည်။အချိန်လည်း မစောတော့သည်မို့ ခဏဖြစ်ဖြစ်တော့ ပြန်မှေးရဉီးမည်။
“ဟာရူတို!”
တံခါးလက်ကိုင်ဘုကိုလှည့်ဖွင့်ပြီးနောက် မြင်လိုက်ရသည့် မျက်နှာကြောင့် ဂျယ်ဟျော့၏ အေးနေစဲဖြစ်သည့် လက်တွေ၌ အအေးဓာတ်က ပို၍ပင် တိုးလာသည်။စိုးရိမ်ဟန်ပေါ်သည့် ဟာရူတို၏ မျက်နှာက ဂျယ်ဟျော့ကိုတွေ့မှ ငြိမ်သက်သွားသည်။
“အင့်!”
ဆွဲဖက်ခြင်းခံလိုက်ရသည်မို့ အားနည်းနေသူပီပီ နှုတ်မှလည်း ညဉ်းညူသည့်အသံ ထွက်သွားရ၏။တင်းတင်းကြပ်ကြပ်ပဲ ဂျယ်ဟျော့ကို ပွေ့ဖက်ထားသည့် ဟာရူတိုက "ကလေးပေါက်စလေးက ပျောက်နေတဲ့ မိခင်ကို တွေ့လိုက်ရသလို" မျိုး မလွတ်တမ်းကိုဖက်ထားတာဖြစ်သည်။စိတ်ပြေသွားစေရန် ကျောပြင်ကို အသာယာပွတ်သပ်ပေးလိုက်မှ ဖက်ထားရမှ ခွာသွားလေတော့သည်။
“အဆင်ပြေရဲ့လား .. ဟာရူတို?”
“ကိုကို .. ကိုကို ထွက်သွားပြီလို့ကျွန်တော်က … ထင်နေတာ!”
ဟာရူတို့ နဖူး၌တွဲခိုနေသည့် ချွေးစတွေကို ဂျယ်ဟျော့ လက်ခုံဖြင့် မှီသလောက် သုတ်ပေးလိုက်သည်။တည်ငြိမ်နေသည့် ဟာရူတို၏ မျက်နှာက ညအိပ်မီးရောင်အောက်မှာ ပကတိချောမောလျက်။
“ကိုယ် ခနလေး toilet သွားတာပါ .. ဟာရူရယ်”
“ကိုကို? ... ကိုကို ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာ!?”