"ဘာကို...."

"ငါပြောချင်တာက ဒါက ယူအီရင်းရဲ့ ကြည့်ရအကောင်းဆုံး ပုံရိပ်လား"

မူယွန်ပြောလိုက်တဲ့ စကားကို အာရုံရောက်သွားကြပေမဲ့ လူတိုင်းက ဘာပြန်ဖြေရမှန်း မသိသလို ကြည့်နေကြပြီး အတွင်းရေးမှူယောကတောင် အံ့အားသင့်သွားပြီး မူယွန်ရဲ့အတွေးကို နားလည်နိုင်အောင် ကြိုးစားနေရတယ်။
သူတို့ ဘာကို စဥ်းစားနေလဲဆိုတာ မူယွန် မသိတာ မဟုတ်ပါဘူး။ ယူအီရင်းရဲ့သွင်ပြင်က လုံးဝကို ပြည့်စုံနေပြီး ဖန်သားပြင်ပေါ်မှာ အရင်က သူမြင်ဖူးထားတဲ့ပုံရိပ်ထက် အများကြီး လှနေတာပါ။
ဒါရိုက်တာက ကောင်းကောင်းရိုက်ကူးထားပြီး အကောင်းဆုံးအခန်းတွေကို ရွေးချယ်ထားရုံသာမက တည်းဖြတ်မှုကလည်း ကောင်းတဲ့အပြင် ဇာတ်ကြောင်းပြောတဲ့အသံကလည်း နားထောင်ရတာ သာယာနာပျော်ဖွယ်ရှိပေမဲ့ မူယွန့်အတွက်ကတော့ မလုံလောက်ပါဘူး။
အဲ့ဒီနေ့က မူယွန်တွေ့ခဲ့တဲ့ ယူအီရင်းရဲ့မျက်နှာက အခုထက် ပိုလှသလို သူ့ကိုပြုံးပြလာတဲ့မျက်နှာထားကလည်း ပိုပြီး အံ့အားသင့်စရာကောင်းတာကြောင့် သူ့ရဲ့လက်ချောင်းထိပ်တွေတောင် ထုံကျင်ပြီး မလှုပ်နိုင်ဖြစ်ခဲ့ရတာလေ။
ဒါပေမဲ့ အခု မျက်နှာပြင်ပေါ်မှာ မြင်နေရတဲ့ ယူအီရင်းရဲ့ပုံစံက အဲ့ဒီလို မခံစားရစေဘူး။ သူ့ရဲ့အသံက အရန်အာရုံကြောတွေကို ကုတ်ခြစ်သွားသလိုမျိုး လက်ချောင်းထိပ်တွေကို ယားယံသွားစေပေမဲ့ သူ့ရဲ့ပုံရိပ်ကတော့ အဲ့ဒီနေ့က သူမြင်လိုက်ရတဲ့ သွင်ပြင်ရဲ့တစ်ဝက်ကိုတောင် မမီပါဘူး။

"ယူအီရင်း သရုပ်ဆောင်တာနဲ့ပတ်သက်ပြီး စိတ်တိုင်းမကျဘူးလား"

"ရိုက်ကူးရေးကို ပြန်စီစဥ်လိုက်ပါ"
***

မနက်ကတည်းက မူယွန်တစ်ယောက် မျှော်လင့်ချက်တွေ၊ ပျော်ရွှင်ကြည်နူးမှုတွေနဲ့အတူ အကြောက်တရားအနည်းငယ်ကိုပါ သယ်ပိုးထားရင်း အရင်တစ်ခေါက်ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းကို အရင်အချိန်အတိုင်း ရောက်ရှိသွားပြီး ကားပေါ်ကနေ ဆင်းလိုက်တယ်။ ကားက ရိုက်ကွင်းနေရာ အတွင်းတစ်ဝက်လောက်မှာ ရပ်လိုက်တာကြောင့် မူယွန်က မြေကြီးပေါ်ကို ခြေချစရာမလိုဘဲ ရိုက်ကူးရေးဆီကို သွားလိုက်တယ်။
ရိုက်ကွင်းထဲကို ဝင်ရောက်လိုက်တာနဲ့ သူ အမျှော်လင့်ဆုံးက ယူအီရင်းရဲ့ စိတ်ဆိုးနေတဲ့ပုံစံဖြစ်ပြီး ဖန်သားပြင်ပေါ်မှာ တွေ့ရခဲတဲ့ သူ့ရဲ့မျက်နှာကို သိချင်မိတယ်။ မူယွန်မျှော်လင့်ထားသလိုပဲ ယူအီရင်းက ရိုက်ကူးရေးအလယ်မှာ မျက်မှောင်ကြုတ်ရင်း ရပ်နေပြီး မန်နေဂျာက တစ်ခုခုပြောဖို့ ကြိုးစားနေပေမဲ့ နားထောင်နေတဲ့ပုံမပေါ်ပါ။
ဟုတ််တယ် သူမြင်ချင်တဲ့ သက်ဝင်နေတဲ့မျက်နှာထားပဲ။ ယူအီရင်းကို မြင်တာနဲ့ အပေါ်ကို ကွေးတက်တော့မလိုဖြစ်သွားတဲ့ နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကို မူယွန်က ပြန်တည်ထားလိုက်််တယ်။
ပြီးတော့ သူက ရယ်ချင်စိတ်ကို ဖုံးဖိထားနေတုန်းမှာပဲ ယူအီရင်းက မူယွန့်ကို တွေ့သွားပုံပေါ်ပြီး စိန်းစိန်းဝါးဝါးကြည့်လာတယ်။
အကြည့်ချင်းဆုံသွားတဲ့အချိန်မှာ မူယွန်က နှုတ်ဆက်ဖို့ အနည်းငယ် လက်မြှောက်ပြလိုက်ပေမဲ့ ယူအီရင်းက ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာတယ်။

SponsorWhere stories live. Discover now