သို့သော် ဖေးချမ့်အတွက်တော့ ဘယ်မျက်ခွံလှုပ်လှုပ် ညာမျက်ခွံလှုပ်လှုပ် အတူတူပဲ ဖြစ်သည်။ နှစ်ခုစလုံး နိမိတ်ဆိုးများ ဖြစ်၏။

"ပြဿနာရှိတယ်။ တစ်နေရာရာမှာ ပြဿနာ ရှိရမယ်။ ဒါကြောင့် ဒီရက်ပိုင်း ငါနေလို့မကောင်းဖြစ်နေတာ။ ငါနေ့ခင်းဘက်အိပ်ရင်တောင် ယွီအင်တာနက်ကဖေးက အမြတ်တွေ စရနေပြီလို့ အိပ်မက်မက်တယ်။ ဒီနေ့  မျက်ခွံနှစ်ဖက်လုံး လှုပ်တယ်။ ဒါ နိမိတ်ဆိုးပဲ ဖြစ်မယ်။”

ဖေးချမ့်က ခါးကော့ကာ သူ့ရုံးခန်းတစ်ပတ် ဖျတ်လတ်စွာ လမ်းလျှောက်လိုက်သည်။

"ဒီပြဿနာ ဘယ်မှာလဲ။ ငါရှာရမယ်။”

ဖေးချမ့်က သူ့စိတ်ထဲမှာ ပရောဂျက်များကို ပြန်စဥ်းစားကြည့်လိုက်သည်။ နောက်ဆုံးတော့ ယွီအင်တာနက်ကဖေးကို သူအာရုံစိုက်လိုက်သည်။ ဆိုင်ခွဲအသစ်နှစ်ခုက ဖွင့်ထားတာ မကြာသေး။ ၎င်းတို့ ငွေမဝင်လောက်သေးဘူးဟု ဖေးချမ့်ခန့်မှန်းမိသည်။

တစ်ခုတည်းသော ဖြစ်နိုင်ချေက မူရင်းဆိုင်ဖြစ်သည်။

ဖေးချမ့်က ပိုခက်ခက်ခဲခဲ စဥ်းစားပြီး သူယွီအင်တာနက်ကဖေး မူရင်းဆိုင်ကို သွားမကြည့်တာ တစ်ပတ်ကျော်ပြီဖြစ်ကြောင်း မှတ်မိသွားပါသည်။ ထိုသို့တွေးမိသောအခါ တံခါးမှ ချက်ချင်း ထွက်လာသည်။

ညနေခင်းတောင် ရောက်နေလေပြီ။

လူများစွာက ပစ္စည်းများသိမ်းကာ ပြန်ဖို့ အသင့်ပြင်နေကြပြီဖြစ်သည်။

ဖေးချမ့်က ချက်ချင်းပဲ လက်ထောက်ရှင်းကို ခေါ်လိုက်ပါသည်။ "ကျွန်တော့်ကို ဒီနေ့ည ယွီအင်တာနက်ကဖေးကို ပို့ပေးပါ။”

"ဟုတ်ကဲ့ပါ ဘော့စ်ဖေး" လက်ထောက်ရှင်းက မတွန့်ဆုတ်ပေ။ ဘော့စ်ဖေးကို သတိပေးစရာတောင် မလိုဘဲ သူမ အချိန်ပိုလစာရမှာကို သေချာသိပါသည်။

ယွီအင်တာနက်ကဖေး မူရင်းဆိုင်တွင်...။

ညနေ ၇ နာရီထိုးနေပြီဖြစ်သည်။ ဝင်ပေါက်တွင် လူတွေပိုပိုပြီး ရောက်လာကြသည်။ ဝိတ်တာတချို့က အင်တာနက်ကဖေးဆိုင် အပြင်ဘက်က မြေကွက်လပ်များကိုတောင် စားပွဲများ ရွှေ့နေရပါသည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now