Episode 19

1K 96 2
                                    

"အို ကေသီရယ်၊မငိုပါနဲ့၊တို့တကယ်တောင်းပန်ပါတယ်၊စိတ်ထဲမပါဘဲ ပြောလိုက်မိတာပါ"

မြနန္ဒာသည် ကျွန်မ မျက်နှာကို ဆွဲယူ၍ မျက်ရည်များကို သူ့လက်ဖြင့်ဖယ်ရှားပေး၏။သူနှင့်ပတ်သက်လာလျှင် ဘာလို့ဒီလောက်ဝမ်းနည်းလွယ်ပါလိမ့်ကွယ်။မြနန္ဒာရှေ့တွင် သူ့ကြောင့် မျက်ရည်ကျသည်ကို ရှက်မိသည်။

"ကျွန်မ ဘာမှမဖြစ်ပါဘူး၊ အခုတလော ဘာကြောင့်မှန်းမသိ ဝမ်းနည်းနေတာ"

ကျွန်မ သူသိရက်နှင့် လိမ်ပြောမိပြန်သည်။ မြနန္ဒာ၏ အကြည့်များသည် သနားလိုက်တာကေသီရယ်ဟု ပြောနေသလိုပင်။မြနန္ဒာ ကျွန်မကို မချစ်နိုင်တာ ကိုအောင်ကြောင့်ဟု တွေးမိသည့်အခါ  မနာလိုစိတ်နှင့်အတူ နာကျင်ရသည်။ကိုအောင်သည် ကျွန်မထက်အရင် မြနန္ဒာနှင့် ရင်းနှီးခဲ့ရပါလား၊ချစ်ခဲ့ပါလားဟုလည်း တစိမ့်စိမ့်တွေးရင်း ရင်ထဲတွင် ဆို့နစ်၍လာသည်။မြနန္ဒာသည်လည်း ကျွန်မ၏အခြေအနေကို တဖြည်းဖြည်းရိပ်မိလာသည်ထင်ပါ၏။

ကျွန်မ သူ့အနားမှ ထ၍ ထွက်ပြေးမိသည်။မြနန္ဒာသည် ကျွန်မကို အတင်းပြန်ဆွဲထားသည်။

"ကေသီရယ်၊ပြေးစရာမလိုပါဘူး၊ငိုချင်ရင်လည်းငိုလိုက်ပါ၊တို့ကိုအနားမှာနေစေချင်ရင် နေပေးမယ်၊မနေစေချင်ရင်လည်း တို့အခန်းထဲမှာ သွားစောင့်နေပါ့မယ်၊ကေသီ့ကို ပြန်မချစ်နိုင်သေးတာနဲ့ပဲ တို့ကိုရှောင်မနေပါနဲ့ကွယ်၊ကေသီ တို့ကိုရှောင်နေမှန်း သိတယ်"

"ဟင့်အင်း မဖြစ်ဘူးမြနန္ဒာ၊ကျွန်မ ရှင့်အနားမှာ ဒီလိုသာ ဆက်နေရင် ရူးသွားလိမ့်မယ်ထင်တယ်"

မြနန္ဒာ၏လက်ကို ဆွဲဖြုတ်၍ ခပ်မြန်မြန် ထွက်လာခဲ့သည်။အခန်းတံခါးပိတ်၍ တံခါးကိုမှီကာ ထိုင်ချလိုက်သည့်အခါ တင်းထားသမျှ ဖြေလျော့သွားသည်။ကျွန်မ အချိန်အတော်ကြာသည်အထိ ထိုင်နေမိသည်။ပါးပေါ်မှ မျက်ရည်များကိုလည်း မဖယ်ရှားမိပါ။

"ကေသီ ငိုနေသေးလားဟင်၊တံခါးလာဖွင့်ပေးပါဦး"

ဘဲလ်တီးသံနှင့်အတူ မြနန္ဒာ၏အသံက်ိုကြားရသည်။

To Cathy With Loveحيث تعيش القصص. اكتشف الآن