Episode 14

900 94 2
                                    

အဆုတ်နှင့်ရင်ခေါင်းခွဲစိတ်ဆောင်မှာပဲ ကျွန်မ အလုပ်ဆက်လုပ်နေခဲ့သည်။ အဆုတ်နှင့်ရင်ခေါင်းခွဲစိတ်အထူးကု ဖြစ်ချင်သောကြောင့်ဖြစ်ပါ၏။ပြီးတော့ ဒီမှာက ကိုယ့်လူရင်းတွေရယ်၊ဆရာဂျေမီရယ်ရှိသောကြောင့် ပျော်တာလည်းပါသည်။

ကျွန်မ အခုတလော မြနန္ဒာကိုရှောင်နေမိသည်။ အခန်းမပြန်ဘဲ ဒါလီတို့အိမ်မှာပဲ သွားနေခဲ့၏။ပြန်ဖြစ်လျှင်လည်း ခဏပဲပြန်ပြီး မြနန္ဒာနှင့်ပိုင်ပိုင်မသိအောင် ခပ်မြန်မြန်ပြန်လာခဲ့သည်။
ဒါလီကမူ အံ့သြနေသော်လည်း အမေးအမြန်းမထူ၍ တော်ပါသေး၏။ကျွန်မလာနေ၍ ပျော်နေသည်။မမဝေကိုတော့ ဒါလီ့အိမ်သွားနေသည့်အကြောင်းမပြောရဲပါ။
မြနန္ဒာသည်ကျွန်မဆီ ဖုန်းခနခန ဆက်ပါသည်။သူညစာချက်ထား၍ ပြန်လာမှာလားဟု လှမ်းမေးတတ်၏။
ကျွန်မ အလုပ်မအား၍ အခန်းပြန်မအိပ်ဖြစ်ဘူးဟု ငြင်းနေခဲ့သည်။ပိုင်ပိုင်နှင့်ပြန်ပြေလည်သွားပြီဆိုတာ ပိုင်ပိုင်ဖုန်းဆက်ပြော၍ သိရသည်။

ကျွန်မ မြနန္ဒာနှင့်မတွေ့ရဲသေးပေမယ့် သူ့စိတ်အခြေအနေကိုတော့ စိုးရိမ်မိသည်။သူ ကိုအောင်ကို မေ့သည့်အခါမေ့နေတတ်ပြီး သတိရလျှင်လည်း စိတ်သည် ဟိုးအောက်ဆုံးအထိထိုးကျသွားတတ်သည်။အဲဒီအချိန်မျိုးမှာ အသေးအမွှားအဆင်မပြေမှုကလေးကိုတောင်မှ မြနန္ဒာ ခံနိုင်ရည်ရှိပုံမရချေ။

ကျွန်မ၏ အစ်မဝမ်းကွဲ စ်ိတ်ပညာအထူးကုဆရာဝန်တစ်ယောက်နှင့် မြနန္ဒာအကြောင်းဆွေးနွေးဖြစ်ခဲ့ကြသည်။ကျွန်မ သူ့ကိုမြနန္ဒာနှင့် တွေ့ကြည့်ဖို့အကူအညီတောင်းထားပါသည်။သူက ကူညီပေးမယ်ပြောပေမယ့် မြနန္ဒာကိုတော့ ကျွန်မ မပြောဖြစ်သေး။မပြောရဲတာဆိုလျှင် ပိုမှန်ပါလိမ့်မည်။ကျွန်မအပေါ် သူအထင်လွဲသွားမှာ ကြောက်နေမိသည်။

ကျွန်မ ဒါလီ့ဆီဖုန်းဆက်၍ပြန်မည်လုပ်နေတုန်း မြနန္ဒာဆီက ဖုန်းဝင်လာ၏။

"ကေသီပြန်လာမှာလားကွယ်၊တို့ညစာချက်ထားတယ်၊ပိုင်ပိုင်က သန္တာခရီးထွက်တာလိုက်သွားတယ်၊တို့တစ်ယောက်တည်းစားရမှာပျင်းလို့ကေသီရယ်"

သူ့အသံ ဘာလို့ဒီလောက်အားနည်းနေပါလိမ့်။ကျွန်မ ဟိုတစ်ခါ သူမူးနေတာကို သတိရသွားမိသည်။ကျွန်မ အစ်မနဲ့ တွေ့ကြည့်ဖို့ ပြောကြည့်ရမှာပဲ။စိတ်ဆိုးလည်းဆိုးပေါ့ကွယ်၊ကျွန်မ သူ့အတွက် စိုးရိမ်နေတာပဲသိတော့သည်။

To Cathy With LoveWhere stories live. Discover now