"ဒါနဲ့ မြနန္ဒာ ဟာ သိပ်လှတယ်နော်ကေသီ၊မမ မြင်ဖူးသမျှထဲမှာ မြနန္ဒာလို လှတဲ့သူမတွေ့ဖူးသေးဘူး၊မမကို သူ့ဖုန်းနံပါတ်ပေးလို့ရမလား"

"ဘာလုပ်မလို့လဲ မမလဲ့ရီ"

မမလဲ့ရီသည် တဟားဟားရယ်လေသည်။

" ဘာမှမလုပ်ပါဘူးကွယ်၊လိုလိုမယ်မယ် ဖုန်းနံပါတ်ရှိထားတော့ ကောင်းတာပေါ့"

မမလဲ့ရီ၏အပြုံးနှင့် အကြည့်မှာတမျိုးဖြစ်နေသည် ။မြနန္ဒာအပေါ် တခြားတစ်ယောက်က စိတ်ဝင်စားနေသည်ကို ကျွန်မ မကျေနပ်ဖြစ်မိသည်။စိတ်ဝင်စားနေသူမှာလည်း မမလဲ့ရီဖြစ်နေပြန်သည်။

ကျွန်မအခန်းပြန်ရောက်သည့်အခါ စိတ်မကြည်တော့ပါ။ရင်ထဲတွင်လည်း ဟာနေသည်။မြနန္ဒာသည် ကျွန်မကို ဖုန်းဆက်၍ အခန်းသို့ခေါ်၏။

ကျွန်မ တံခါးခေါက်တော့မြနန္ဒာ အထဲကလှမ်းအော်သည်။

"ဝင်ခဲ့ကေသီ၊တံခါးဖွင့်ပေးထားတယ်"

ပီယာနိုသံကို အရင်ကြားရသည်။ဆက်တီဘေးတွင် ထိုင်၍ မြနန္ဒာသည် ပီယာနိုတီးနေလေသည်။

"မနေ့ကမှ ရောက်တာလေကေသီ၊လက်ကွက်တွေမေ့နေလို့ မနည်းပြန်ရှာယူရတယ်၊ကေသီ တီးတတ်ရင် တီးကြည့်ပါလား"

"ကျွန်မလည်းမေ့ကုန်ပြီထင်ပါတယ် ၊မတီးတာဖြင့် နှစ်ချီကြာနေပြီ"

"လာပါကေသီရယ်၊လက်ကွက်ဆိုတာ တီးရင်းနဲ့ပြန်မှတ်မိသွားတာပဲ၊လာခဲ့"

ကျွန်မ မြနန္ဒာဘေးတွင် ဝင်ထိုင်၍ ပီယာနိုခလုတ်များကို တို့ထိကြည့်မိသည်။မတီးတာကြာပြီဖြစ်ပေမယ့် ကျင့်သားရနေသော လက်များက ဦးဆောင်သွားသည်။

ငြိမ်းသည် ကျွန်မနှင့်အတူ ပီယာနိုတီးနေကျဖြစ်သည်။ငြိမ်းက ကျွန်မထက်ပို၍ တီးနိုင်သည်။သီချင်းအသစ်အဆန်းလည်းထွင်တတ်၏။ကျွန်မ မရှိသည့်အချိန်များဆိုလျှင်တော့ ဖေဖေ့ကိုခေါ်၍ လေ့ကျင့်​​နေတတ်သူဖြစ်သည်။

ကျွန်မ ၏ ပီယာနိုသံကိုများ ကြားခဲ့လျှင် ငြိမ်းတစ်ယောက်စွဲလမ်းစိတ်ဖြင့် သွားလမ်းဖြောင့်နိုင်ပါမည်လား။သူနှစ်သက်သော သံစဥ်များကြားမှာပင် တဝဲလည်လည်ဖြစ်ကာ မလွတ်မြောက်နိုင်ဖြစ်နေရှာမည်လားကွယ်။

To Cathy With LoveWo Geschichten leben. Entdecke jetzt