(၂၉)

883 91 0
                                    


[အတိတ်နိမိတ်]

ပိုင်ရှန်ပွဲတော်သည်ကား ကျုန်းလိပြည်အားတည်ထောင်ခဲ့သည့် ဘုရင်မင်းမြတ်ပိုင်ရှန်ကိုအလေးအမြတ်ထားကြောင်း ပြသသည့်ပွဲတော်ပင်။ ထို့ကြောင့် လက်ရှိဘုရင်ပိုင်လီထျန်းက ရှေးဦးစွာ ဘိုးဘေးနန်းဆောင်သို့သွား၍ ဂါရဝပြုရသည်။ ဘိုးဘေးနန်းဆောင်တွင် ပိုင်လီထျန်း၏ ဘိုးတော်ဘုရင်ပိုင်ရှန်နှင့် ခမည်းတော်ဘုရင်ပိုင်ဟွမ်တို့၏ ကဗ္ဗည်းကျောက်တိုင်များအသီးသီးထားရှိကြ၏။

ကျုန်းလိပြည်ကြီးအားတည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၈၀ ခန့်ပင်ကြာမြင့်ခဲ့ပေပြီ။ တစ်စထက်တစ်စ တိုးပွားလာသည့် သားစဉ်မြေးဆက်များနှင့် ၎င်းတို့၏မျိုးဆက်များမှ တာဝန်ယူထမ်းဆောင်ခဲ့သည့် ကိစ္စရပ်များလည်းအပုံအပင်။ ကျုန်းလိပြည်ထောင်ကြီးအပေါ်သစ္စာစောင့်သိခဲ့ကြသည့်သူများကြောင့်သာ ထိုကဲ့သို့ရပ်တည်နိုင်ခဲ့ခြင်းပင်။

ယနေ့ကဲ့သို့ကြီးမြတ်လှသော ပွဲတော်ကြီးတွင် ၎င်းတို့၏မိသားစု၊ ချစ်ရသူများနှင့်သာအတူရှိချင်ကြမည်ဟု ပိုင်လီထျန်းထင်၏။ ထို့ကြောင့်လည်း ညနေပွဲတော်ခင်းကျင်းသည့်အခါမှသာ အမတ်မင်းများနှင့်အမှုထမ်းများအား နန်းတော်ထဲခစားဖို့ဘုရင်မင်းမြတ်ကမိန့်ဆိုထားသည်။

ညနေခင်းပွဲတော်က မူးမတ်များနှင့်တော်ဝင်မျိုးနွယ်များစုစည်း၍ စားသောက်ပွဲကျင်းပခြင်းပင်။ တိုင်းပြည်အတွက် ဆုတောင်းခြင်း၊ ဘုရင်မင်းမြတ်အတွက် လက်ဆောင်ပဏ္ဍာဆက်သခြင်း၊ နိမိတ်ဖတ်ရှုခြင်းကဲ့သို့သော ကိစ္စရပ်များမှာ ထိုပွဲတော်၏ အဓိက ကိစ္စရပ်များပင်ဖြစ်ပေသည်။

တိုင်းပြည်၏ဖခင်ဖြစ်သောရှင်ဘုရင်က ရွှေပုလ္လင်ထက်တွင်နေရာယူ၍ ၎င်း၏ဘေးတွင်တိုင်းပြည်၏မိခင်၊ ကွေ့ယင်မိဖုရားခေါင်က အတူတကွစံမြန်းလျက်ရှိသည်။ ဘုရင်၏ မိဘနှစ်ပါးလုံးဆုံးပါးသွားသည်ဖြစ်၍ မယ်တော်ကြီး၏ထိုင်ခင်းနေရာသည်ကား လစ်လပ်လျက်။

လက်ယာဘက် တစ်ဆင့်နိမ့်သောနေရာ၌မူ ပိုင်ယွီနှင့် မိဖုရားခေါင်၏သားတော် ပိုင်အန်း ကဲ့သို့သော မင်းသားငယ်နှစ်ပါး၏နေရာပင်ဖြစ်သည်။ ထိုမင်းသားလေးနှစ်ပါးမှာ ရွှေရောင်တောက်ပသည့်အဆင်တန်ဆာဖြင့် ချစ်စဖွယ်ကောင်းသောအပြုံးလေးများပိုင်ဆိုင်ကာ ညီအစ်ကိုနှစ်ယောက်နှင့်ပင်တူလှ၏။ ၎င်းတို့နှစ်ဦးက အခြားအထက်လူကြီးများနှင့်မတူ၊ မည်သည်ကိုမှစိတ်ဝင်စားပုံမပေါ်ပဲ မုန့်လုစား၍ တခ်ခ်သာရယ်မောနေကြလေသည်။ ကြည့်ရသည့်မြင်ကွင်းမှာ အလွန်ပင်ချစ်စဖွယ်ကောင်းလှ၍ မြင်သူတိုင်းကိုပြုံးစေလောက်ပေ၏။

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now