ပုခုံးကို ပုတ်လျက် ကားပေါ်တက်သွားသည့် အာပါးကြောင့်ပြုံးမိသည်။ ကိုယ့်ကသာ စိတ်ပူ‌ပေးနေရတာ ယခုအသက်အရွယ်အထိ နေ့စဉ်နှင့်အမျှ စိုက်ခင်းထဲ သွားလာလှုပ်ရှားနေသူမို့ အာပါးက ကျန်းမာ၍ သွက်လက်နေသည်မှာ မြောင်ဟိုထက်ပင်သာသေးသည်။ ကားက စိုက်ခင်းသုံးtruckကားမို့ ပစ္စည်းများကို ကားနောက်သို့တင်၍ မြောင်ဟိုရော ဂင်မင်ဂယူးရော ကားခေါင်းခန်းသို့ရောက်လာသည့်အခါ အာပါးက ဂင်မင်ဂယူးကို ယခုမှမြင်ပြီး ပြူးကြည့်နေသည်။

" ဒီကို ရောက်ဖူးချင်တယ်ဆိုလို့ အလည်ပါလာတဲ့ ကျွန်တော့်တပည့်လေ ဂင်မင်ဂယူးတဲ့ "

" မင်္ဂလာပါဗျ "

" အေ အေ ... ရုတ်တရက်ဆိုတော့ ရည်းစားတွေဘာတွေ ရလာလို့ အိမ်ခေါ်လာတယ်ထင်တာ "

" ဟာ .. မဟုတ်တာ "

ပြာပြာသလဲနှင့် ခေါင်းရောလက်ရော ခါယမ်းရင်း အသဲအသန်ငြင်း‌ပစ်ရသည်။ စကားပြောလျှင် တုတ်ထိုးအိုးပေါက်မို့ မြောင်ဟို့အတွက် ကိစ္စမရှိပေမယ့် အခုမှ တွေ့ဖူးသည့် ဂင်မင်ဂယူးအတွက်တော့ အားနာရသည်လေ။

အထက်တန်း‌လောက်ကတည်းက မြောင်ဟို့နောက် လိုက်တတ်သူများသည် ကောင်လေးများဖြစ်နေသည့်အခါ ၊ အိမ်ရှေ့တွင် ဝဲလည်ဝဲလည်လာလုပ်သူများသည် ကောင်လေးများဖြစ်နေသည့်အခါ ၊ ရွယ်တူကလေးတွေက Jennifer Lawrence တို့ Scarlett Johanssonတို့ အစရှိသည့် မင်းသမီးများအားရူးသွပ်စွာ စွဲလမ်းနေကြချိန် မြောင်ဟို့အခန်းနံရံပေါ်တွင် Chris Hemsworth တို့ Tom Hanks တို့လို မင်းသားကြီးတွေ၏ ပိုစတာများက နေရာယူထားသည့်အခါ အာပါးနှင့် အိုမားသည် မြောင်ဟို့အခြေအနေကို ပြောစရာမလိုပဲ နားလည်ခဲ့ကြသည်။ ထွေထွေထူးထူးပြောနေစရာမလိုသည့်အခါ ထိုအရာသည် မြောင်ဟို့အတွက် လျှို့ဝှက်ချက်လည်းမဟုတ်သလို အားနည်းချက်လည်းမဖြစ်ခဲ့ပဲ ဖိအားမရှိပေါ့ပါးစွာ ‌နေထိုင်နိုင်ခဲ့သည်။

မျက်စိပွင့် နားပွင့် လွတ်လပ်သည့်စိတ်ထားရှိ‌သော မိဘကောင်းရထားတာလည်း ဆုလာဘ်တစ်ခုပင်။ မျိုးရိုးတူချင်း လက်ထပ်လို့မရနိုင်သည့်‌ခေတ်၊ လက်ထပ်ဖို့ဥပဒေလည်း တင်သွင်းခြင်းမရှိသေးသည့် အချိန်ကတည်းက မျိုးရိုးနာမည်တူခြင်းကြောင့် သဘောမတူနိုင်သည့် ရှေးရိုးစွဲမိဘတွေကြား အငြိုအငြင်ခံပြီး အရပေါင်းခဲ့ကြသည့် အာပါးနှင့် အိုမားသည် မြောင်ဟို၏အခြေအနေအရပ်ရပ်ကိုလည်း သဘောထားကြီးစွာ နားလည်ပေးနိုင်ခဲ့သည်။ ရင်းနှီးသည့် ကောင်လေးတစ်ချို့ အိမ်လာလည်လျှင်ပင် ကောင်လေးခေါ်လာတာလားဟု စနောက်လေ့ ရှိသည်အထိ ...

DON'T BABY ME [Short Story] [COMPLETE]Where stories live. Discover now