ပရိသတ်များလည်း ထိုသူနှစ်ဦး ကျယ်ကျယ်ဝန်းဝန်း ဆော့ကစားနိုင်ရန် နောက်သို့ဆုတ်ကာ ချဲပေးလိုက်ကြ၏။

သို့သော် အများစုမှာ ရှုချန်းကို တစ်ခါမှပင် မကြားဖူးသည့်အတွက် တစ်ဦးမှ သူ့အား အထင်မကြီးကြချေ။

မိုက်ခ်က ကတ်များကို ထုတ်ကာ ရှုချန်းအား ဖြန့်ပြလိုက်၏။

“ကတ်တွေကို စစ်ကြည့်ချင်လား… ခင်ဗျား ရှုံးရင် ကျုပ်က သံလိုက်သုံးတယ်တို့… တခြား ဘာအကြောင်းပြချက် ညာအကြောင်းပြချက်တွေ မပြောနဲ့…”

ရှုချန်းက လက်များကို အိတ်ကပ်ထဲထည့်ထားပြီး …
“ကိစ္စမရှိဘူး… ပစ်မှာသာ ပစ်လိုက်စမ်းပါ…”

မိုက်ခ်က ဖဲထုပ်ကို ကောင်းကင်ဆီသို့ ရုတ်တရက်ပစ်လိုက်၏။ ကြည့်ရှုသူတိုင်းမှာ မိုက်ခ်၏ စွမ်းဆောင်ရည်ကို မျှော်လင့်နေကြသည့်အတွက် ချက်ချင်းပင် အသက်ရှူရန် မေ့လျော့သွားကြ၏။

ဝှီး…

ဖဲချပ် ၅၄ ချပ် ကောင်းကင်မှ ဖြည်းညင်းစွာပြန်ကျလာသော်လည်း ထိုအချိန်အထိ ရှုချန်း တုတ်တုတ် မလှုပ်ချေ။ မိုက်ခ်ကိုသာ အေးအေးလူလူ ကြည့်နေ၏။ အမှန်တော့ လေထဲတွင်ရှိနေသည့် ဖဲချပ်များအားလုံးကို ရှုချန်း သိမြင်ထားပြီးဖြစ်၍ Ace လေးချပ်သည် မည်သည့်အကွာအဝေးတွင် မည်သည့်အရှိန်နှုန်းဖြင့် ပြုတ်ကျမည်ကို သူ ကြိုတင်တွက်ဆထားပြီးသားပင်။

ရုတ်တရက် မိုက်ခ်လှုပ်ရှားလိုက်၏။ လေထဲမှ ဖဲချပ်များကို မိုက်ခ်လှမ်းယူလိုက်စဉ်တွင် ရှုချန်းလည်း လှုပ်ရှားလိုက်သည်။ အရင်ဦးဆုံး သူ့ဦးခေါင်းထက်တွင်ရှိနေသော Ace of Spade ကို ဖမ်းယူလိုက်၏။ ထို့နောက် မိုက်ခ်က Ace of Heart ဆီသို့ လက်လှမ်းတော့မည်ကို သူ မြင်လိုက်သောအခါ ရှုချန်းက တွေ့သည့် ကတ်တစ်ခုကို လက်ညှိုး လက်ခလယ်နှင့် ညင်သာစွာညှပ်ဖမ်း၍ ပစ်လွှတ်လိုက်၏။ ရှုချန်း ပစ်လွှတ်လိုက်သော ကတ်မှာ မိုက်ခ်ရယူရန် ကြိုးစားနေသော Ace ဆီသို့ မြှားတစ်စင်းအလား ချက်ချင်းပြေးဝင်သွား၏။ ထိုသို့ တိုက်မိသည့်အတွက် Ace ၏ လမ်းကြောင်း ပြောင်းကာ ရှုချန်းဆီသို့ ဦးတည်လွင့်လာတော့၏။ Ace of Heart ကို ရှုချန်း ဖမ်းဆုပ်လိုက်နိုင်၏။

နတ်နဂါးစစ်သည်जहाँ कहानियाँ रहती हैं। अभी खोजें