“ရေသွားချိုးလိုက်ဦးမယ်”

သူ့စကားကိုခေါင်းညိတ်ရင်းက ဝေယံကပြုံးတယ်။ ထိုအပြုံးမျက်နှာက အရင်ဆို သူ့အတွက် စိတ်ကြည်နူးစရာပေမဲ့ အခုတော့ အဲ့လိုမဟုတ်တော့ဘူး။

စိုးရိမ်စရာမျက်နှာမျိုးဖြစ်နေပြီ။ ဒီလောက်ချောတဲ့သူကို တပါးသူတွေမကြွေပဲနေနိုင်ကြပါ့မလား။ ဝိုင်းဝိုင်းလည်ကုန်ရင် ဝေယံက သူ့ကိုပဲရွေးချယ်မယ်ဆိုတာကော ‌သေချာနိုင်ပါ့မလား။

ထိုအတွေးတွေက သူ့စိတ်ကိုညိုးငယ်စေခဲ့တယ်။

.....

လျော့ရဲရဲခြေလှမ်းတွေနဲ့ သန့်စင်ခန်းထဲဝင်သွားတဲ့ဖိုးဥကို ဝေယံကြည့်ရင်း သက်ပြင်းဖွဖွချရတယ်။

ဖိုးဥကသူ့ကို စိတ်ဆိုးနေတုန်းပဲလို့ သူတွေးနေတယ်။ သူရှင်းပြခဲ့ပြီးပေမဲ့ ဖိုးဥရဲ့အပြုအမူလေးတွေက သူနဲ့ခပ်ကင်းကင်းဖြစ်အောင် ရှောင်ကွင်းနေသလိုပဲ။

အကယ်၍လိုအပ်မယ်ဆိုရင် ဖိုးဥ‌စိတ်ကျေနပ်တဲ့အထိ ဖြေရှင်းတောင်းပန်ဖို့သူစဉ်းစားထားပြီးသား။ အခုက အဲ့ကိစ္စကိုဘာသိဘာသာထားသလို ပုံမှန်အတိုင်းဖြစ်နေသလိုမျိုးဟန်ဆောင်နေလေတော့ သူ ဘယ်နေရာကစကားအစဆွဲပြီးပြောရတော့မလဲ။

အချိန်ပေးသင့်သလားသူစဉ်းစားပေမဲ့ ကြာလို့တော့မဖြစ်တာသူသိတယ်။ ဒီလိုဆို ဆက်ဆံရေးတွေက အဖုအထစ်တွေနဲ့ အေးစက်သွားနိုင်တယ်။

သက်ပြင်းတစ်ချက်ချလိုက်ပြီး မနက်စာပြင်ဆင်ဖို့ကိုပဲ အာရုံစိုက်လိုက်တော့တယ်။

မနက်စာစားပြီးတော့ ဖိုးဥကို သူကျောင်းလိုက်ပို့လိုက်တယ်။ နေ့လည်ခင်းအတန်းချိန်ရှိနေတာကြောင့် နေ့လည်စာအတူမစားတော့ဘူးလို့ သူ့ကိုပြောသွားတယ်။

ရှောင်ပြန်တာလားတွေးမိတော့ ရင်ထဲတင်းသွားတယ်။ နေ့လည်ဖက်ရောက်တော့ ရှောင်ချင်နေမှန်းသိသိကြီးနဲ့ သူကျောင်းကို လာလိုက်တယ်။

ဖိုးဥရဲ့အချိန်စာရင်းအားလုံးကိုလည်းသူသိထားပြီးသား။ မယုံလို့ထောက်လှမ်းထားတာမျိုးတော့မဟုတ်။ ခုနောက်ပိုင်း ဖိုးဥက စာလုပ်စရာတွေများပြီး မေ့လျော့တက်လာလို့ သူကိုယ်တိုင် အချိန်စာရင်းမှတ်ပေးထားတာမျိုးလုပ်ဖြစ်ခဲ့တာ။

Light up my nightWhere stories live. Discover now