မေကုန်းချင်

Start from the beginning
                                    

"သခင်မလေး ပြန်ရောက်လာပြီပဲ..."

ချန်ရုံက ခေါင်းငြှိမ့်လိုက်သည်။ ဤ တံခါးစောင့်နှစ်ဦးသည် အပြင်မှအသံများကို ကြားကြ၍ တံခါး၌ ကြိုစောင့်နေခြင်း ဖြစ်ပေလိမ့်မည်။ ချန်ရုံသည် အထဲသို့ဝင်၍ သူမ၏ အဆောင်တော်ရှိရာသို့ အမြန်သွားလိုက်သည်။

အချိန်က အတော်နောက်ကျနေပြီဖြစ်သည်။ အလှဆင်ထားသော ကျိုးတိုးကျဲတဲမီးအိမ်များမှလွဲ၍ ချန်အိမ်တော်အတွင်း၌ ပိုးကောင်များ၏ အော်မြည်သံများသာ ပြည့်နေလေသည်။

သူမ၏ အဆောင်တော်နားသို့ရောက်သောအခါ ချန်ရုံ၏ ခြေလှမ်းများက ပိုမြန်လာကြသည်။ တံခါးဝသို့ရောက်သောအခါ ချန်ရုံသည် တံခါးကို ထု၍ အော်လိုက်သည်။

"အဖိုးစွင်း...အထိန်းတော်ဖျင်...ကျွန်မပြန်လာပြီ...တံခါးဖွင့်ပါဦး..."

ချန်ရုံ၏ကျယ်လောင်သောအော်သံက တိတ်ဆိတ်သည့်ညတွင် ပဲ့တင်သံများရိုက်ခတ်နေသည်။ ချန်ဝေ့၏ အဆောင်တော်ဝင်းထဲတွင် ဖယောင်းတိုင်များ‌ထွန်းထားသော်လည်း ချန်ရုံ၏အဆောင်ထဲတွင်တော့ မည်သည့်လှုပ်ရှားမှုမျိုးကိုမှ မတွေ့ရသည်ကို ချန်ရုံ သတိထားလိုက်မိသည်။

ချန်ရုံသည် ရုတ်တရက် အော်နေသည်ကို ရပ်လိုက်၍ တံခါးကို ပို၍ပြင်းထန်စွာ ခေါက်နေလိုက်မိသည်။

ခဏကြာသောအခါမှ ခြေသံများထွက်ပေါ်လာသည်။

"အပြင်က ဘယ်သူလဲ..."

တံခါး၏တစ်ဖက်ခြမ်းမှ ကြောက်လန့်နေသော အထိန်းတော်ဖျင်၏ အသံထွက်ပေါ်လာသည်။

"ကျွန်မပါ..."

အထိန်းတော်၏အသံက တုန်ယင်အက်ကွဲစွာဖြင့် ထပ်မေးလိုက်သည်။

"မမလေးလား..."

"ဟုတ်ပါတယ်..."

ရုတ်တရက် တံခါးဖွင့်ထား၍ အထိန်းတော်ဖျင်နှင့် မီးအိမ်ကို ကိုင်မြှောက်ထားသော အဖိုးစွင်းတို့ ထွက်လာကြသည်။ နှစ်ယောက်လုံးသည် ချန်ရုံ့ကိုတွေ့ရ၍ အံ့ဩတုန်လှုပ်နေကြဟန်တူသည်။

ချန်ရုံ၏ တောက်ပ၍ လန်ဆန်းနေသော မျက်နှာလေးကို မြင်သောအခါ အထိန်းတော်ဖျင်တို့နှစ်ဦးလုံး မျက်ရည်များ ဝဲလာကြသည်။ အထိန်းတော်ဖျင်သည် ချန်ရုံ့နားသို့ အမြန်လျှောက်လာ၍ ချန်ရုံ၏မျက်နှာလေးကို ထိကိုင်ကာ ပင့်သက်ရှိုက်၍ပြောလိုက်သည်။

မေကုန်းချင်Where stories live. Discover now