အပိုင်း {၄၁} (UNICODE)

Beginne am Anfang
                                    

ခါတိုင်းဆိုလျှင် မာန် အတန်းမဆင်းခင်ကတည်းက ကျောင်းဝင်းထဲရှိ လာကြိုတတ်သော်လည်း ယခုကျ အတန်းဆင်းကာ လူကုန်သည်အထိ ပေါ်တော်မမူမင်းသား လုပ်နေသည့် လှိုင်းသံစဉ်ကြောင့် မာန် ကျောင်းရှေ့ ထွက်စောင့်နေလိုက်သည်။ သို့တိုင်အောင် အချိန်တွေသာ ကုန်လွန်သွားသည် ... ပုပုသေးသေးနှင့် ရင့်ကျက်သူကြီးက တော်တော်နှင့် ကိုယ်ထင်ပြမလာသောအခါ မာန် စိတ်ထဲ အချဉ်ပေါက်လာရသည်။ ဆေးစာအုပ်ကို ကိုင်ထားရသည့် လက်လည်း ညောင်းလာပြီ ၊ အချိန်အကြာကြီး ရပ်စောင့်နေရသည့်‌ ခြေထောက်များလည်း ပျော့ခွေချင်လာပြီ ၊ ဆေးစာအုပ်ထူထူများ ပြည့်နေသည့် လွယ်အိတ် နေရာယူထားသည့် ပုခုံးများလည်း လေးလံမှုကြောင့် နာကျင်လာပြီ။

မာန် နာရီဝက်ခန့် စောင့်လိုက်ရပြီးမှ ရင်းနှီးနေသည့် ကားအဖြူလေးက မာန် ရပ်နေသော နေရာရှေ့ ထိုးဆိုက်လာသည်။ ကားရပ်ပြီး ချက်ချင်းဆိုသလို ကားပေါ်မှ ဆင်းလာကာ မာန့်ဆီ မပြေးရုံတမယ် ခြေလှမ်းလှမ်းလာသည့် လှိုင်းသံစဉ်သည် သူ၏ စတိုင်အတိုင်း ဂျင်းဘောင်းဘီရှည်ကို အောက်ခံတီရှပ်ကျီဖြူပေါ်‌ ထပ်ဝတ်ထားသော စိမ်းနုရောင် အင်္ကျီကို တွဲဖက် ဝတ်ဆင်ထားလေရာ ရိုးရှင်းမှုက တစ်မျိုး ဆန်းပြားနေစေသည်။

"ဘာလို့ နောက်ကျနေတာလဲ။"

အနားရောက်လာသည်နှင့် မျက်မှောင်ကြုတ်ကာ ခပ်ဆတ်ဆတ် မေးလိုက်ရာ ထူးဆန်းစွာ ပျက်ယွင်းနေသည့် မျက်နှာအမူအရာကို ရင့်ကျက်မှုတို့ဖြင့် ထိန်းကာ -

"ကျွန်တော် ကားထဲ ရောက်ရင် ပြောပြမယ် ကိုရိပ်။ လွယ်အိတ် ကျွန်တော့်ကို ပေး။"

ပုံမှန်အတိုင်းသာဆိုလျှင် မာန့်မေးခွန်း နောက်ဆက်တွဲအဖြစ် တောင်းပန်စကားသံ ဦးဆုံး ထွက်လာမည် ဆိုသည့်တိုင်အောင် ယခုမူ မာန် စိတ်ဆိုးနေသည်ကို သိသိလျက်နှင့် ပျာယာခတ်မနေဘဲ တည်တည်တံ့တံ့ဖြင့် ပြောကာ မာန့်လက်ထဲမှ ဆေးစာအုပ်ကို ယူပြီး လွယ်ထားသည့် လွယ်အိတ်အား လွှဲပြောင်းယူလိုက်သည်။ မာန်လည်း စိတ်က မကြည်လှသည်မို့ ကားရှိရာသို့ ရှေ့မှ ဦးဆောင်လျှောက်သွားလိုက်ပြီး ကားရှေ့ခန်း၌ ဝင်ထိုင်နေလိုက်သည်။ စက္ကန့်ပိုင်းအတွင်း ကြားလိုက်ရသည့် ကားတံခါး ဖွင့်ကာ လွယ်အိတ်နှင့် ဆေးစာအုပ်ကို ကားနောက်ခန်းထဲ ထည့်လိုက်သံ ၊ ကားတံခါးပိတ်ကာ ယာဉ်မောင်းခုံ၌ ဝင်ထိုင်သည့် လှုပ်ရှားမှုသံများ အဆုံး၌ လှိုင်း မာန့်ဘေးနား ရောက်လာသည်။ မာန် ဘာစကားကိုမှ လေကုန်ခံပြီး ပြောမနေတော့ဘဲ ရှုတည်တည် မျက်နှာဘေးနှင့် ခေါင်းစောင်းကာ အပြစ်လုပ်ထားသူအား ကြည့်လိုက်မိရာ ထင်ထားသည့်အတိုင်း ဖြေရှင်းချက်က ထွက်ပေါ်လာသည်။ သို့ပေသိ မာန် တွေးထားသည့် စကားမျိုး မဟုတ်ဘဲ စိတ်ကူးပင် မယဉ်ခဲ့ဖူးသော အကြောင်းပြချက်တစ်ခု။

လမင်းခြေသံ { Completed }Wo Geschichten leben. Entdecke jetzt