တစ်နှစ်ဆိုသော အချိန်သည် တိုတောင်းလွန်းသည်ဟု ထင်မှတ်ရလေအောင် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်လာခဲ့သည်။ နဂိုကတည်းက supple မထိစေရန် ဆေးစာများကို ကျက်မှတ်ရင်း မအားလပ်ရသည့် ဆေးကျောင်းသားကြီးသည်လည်း ဆေးကျောင်းမပြီးခင်၌ ဆေးရုံတွင် လက်တွေ့ပါ ဆင်းနေရသည်ဖြစ်ရာ ခင်ဝတီစံနှင့် လမ်းခွဲလိုက်သည်က ကောင်းဖို့ရန် ဖြစ်တည်လာသလိုပဲ။ ခင်ရော မာန်ပါ ဆေးကျောင်း တက်နေသည် ဖြစ်ရာ ကျောင်း၌ တွေ့ကြသည် ၊ ဆုံကြသည်။ ဆုံတွေ့ချိန်တိုင်းလည်း ယခင်ကအတိုင်း ခေါ်ပြောနေကြဆဲ ဆိုပေသိ သွေးအေးသွားခဲ့သည်ကတော့ ငြင်းဆန်၍ မရပေ။ မေးထူးခေါ်ပြောအဆင့်ထက် မပိုသော ဆက်ဆံရေး၌ ခင်သည် မာန့်အပေါ် ကောင်းမွန်စွာ ဆက်ဆံပေးနေဆဲ။ သူမ မာန့်အပေါ် အချစ်မလျော့သေးမှန်း မာန် သိသကဲ့သို့ မာန် သူမအပေါ် ဘယ်တော့မှ စိတ်မယိုင်လာမှန်းလည်း ခင် နားလည်သည်ပင်။
"ဆရာ ကျွန်တော် report တွေ အကုန် ရေးပြီးသွားပြီ။ ခုနက patient ကိုလည်း သွေးစစ်ထားပါတယ် ဆရာ။"
"အိုကေ ..သွေးစစ်ချက်အဖြေ ထွက်လာရင် မင်းပဲ patient ကို ဆက်ကြည့်လိုက်တော့။ ရတယ်မလား။"
"ဟုတ် ရပါတယ် ဆရာ။"
မတုံ့မဆိုင်း ပြန်ဖြေလိုက်သည့် မာန့်စကားသံကြောင့် အသက် ၅၀ ကျော်အရွယ် ဆရာက မျက်မှန်အောက်မှ မျက်လုံးလှန်ကြည့်လာသည်။ နှုတ်ခမ်းတို့ကလည်း ကျေနပ်သလို ပြုံးလိုက်သည်ကိုလည်း မာန် သတိပြုလိုက်မိသည်။
"မင်း ဒီည OT ရှိတယ်မလား။"
"ဟုတ် ရှိပါတယ် ဆရာ။"
"OT ရှိတာကို ညက မအိပ်ထားဘူးလား။ လူက ပန်ဒါရုပ်ပေါက်နေပြီ။"
'ပန်ဒါ' ဆိုသည့် စကားလုံး ဆရာ့နှုတ်မှ ပွင့်ဟလာသည့်နှင့် မာန့်မျက်လုံးထဲ တစ်ယောက်သောသူကိုသာ ပြေးမြင်မိသည်မှာ မာန့်စိတ်အာရုံတစ်ခုလုံးကို လှိုင်းသံစဉ် ကြီးစိုးနေသည်ကို သူ လိုလိုလားလား ခွင့်ပြုပေးနေမိလို့များလား။
"ညက အိပ်ရာဝင် နောက်ကျသွားလို့ပါ ဆရာ။"
"နောက် OT ရှိတဲ့ ရက်တွေ စောစောအိပ်လေကွာ။ အိပ်ရေးမဝရင် ပိုပင်ပန်းမယ်ဆိုတာ မင်းလည်း သိနေတာပဲ။ ညစာ မစားရသေးဘူးမလား ..သွားစားတော့။ ပြီးတာနဲ့ လာခဲ့။"
YOU ARE READING
လမင်းခြေသံ { Completed }