မေကုန်းချင်

Start from the beginning
                                    

ချန်ရုံ၏ စိတ်နေစိတ်ထားသည် အခြားလူများအတွက်တော့ တကယ်ပင် ဒေါသထွက်ချင်စရာဖြစ်ပေသည်။

ချန်ရုံသည် ခြေလှမ်း ဆယ်လှမ်းမျှသာ လျှောက်ပြီးသောအခါ အရှေ့မှ ရင်းနှီးနေသော ရယ်သံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် ချန်ယွမ်နှင့် ချန်အိမ်တော်မှ အခြားပညာရှိအချို့တို့က အိမ်တော်ထဲမှ ထွက်လာကြသည်ကို တွေ့လိုက်ရလေသည်။

ချန်ယွမ်တို့ကို တွေ့သောအခါ ချန်ရုံ၏ခြေလှမ်းများရပ်သွားသည်။

ချန်ယွမ်ကလည်း ရယ်နေရင်းဖြင့် ချန်ရုံကို လှမ်းကြည့်လိုက်သည်။ ချန်ယွမ်သည် ရှေ့သို့ တိုး၍ ညင်သာစွာ မေးလိုက်သည်။

"မင်း ရောက်လာပြီလား အားရုံ..."

"ဟုတ်ကဲ့..."

ချန်ရုံက မော့ကြည့်လိုက်သည်။

"ဦးလေးက ဘယ်သွားမလို့ပါလဲ..."

ချန်ရုံသည် နှုတ်ခမ်းများကို တင်းတင်းကိုက်ထားမိသည်။ အကာအရံပါသော ဦးထုပ်နောက်ကွယ်၌ ချန်ရုံ၏ မျက်လုံးများသည် မျက်ရည်များဝိုင်းလာမိသော်လည်း အသံကတော့ မာထန်နေဆဲပင်။

"လင်ယောင်္ကျားမရှိတဲ့ ကျွန်မလို မိန်းမငယ်တစ်ယောက်ကို မင်းသားရဲ့အိမ်တော်မှာ တစ်ယောက်တည်းထားခဲ့ပြီး ထွက်သွားဖို့ စဉ်းစားနေတာတော့မဟုတ်ပါဘူးနော် ဦးလေး..."

ချန်ယွမ်က တောင့်တင်းသွားသည်။

စက္ကန့်အနည်းငယ်ကြာသောအခါမှ ချန်ယွမ်သည် သုန်မှုန်သော မျက်နှာနှင့် ခပ်ဆတ်ဆတ်ပြောလိုက်သည်။

"ဘာအဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေတာလဲ အားရုံ...အရှင်မင်းသားက မင်းရဲ့ ဒီကိုလာတဲ့လမ်းမှာ သုံးခါတိတိမှန်ကန်ခဲ့တဲ့ ခန့်မှန်းမှုတွေအကြောင်းကိုကြားပြီး မင်းရဲ့ အသိပညာကို နှစ်သက်တော်မူလို့ စစ်ပွဲအကြောင်းတွေမေးဖို့ခေါ်လိုက်တာ...ဘယ်လောက်တောင် ကြီးမြတ်တဲ့ ဂုဏ်ယူစရာလဲ...မင်းဟာ ဘယ်လိုတောင် မိုက်မဲတဲ့ ကလေးမ လဲ..."

ချန်ရုံက ချန်ယွမ်အား အရိုအသေပေးလိုက်သော်လည်း ခေါင်းမာစွာဖြင့် ဆက်ပြောလိုက်သေးသည်။

မေကုန်းချင်Where stories live. Discover now