"အချိန်တန်ရင် ငါတို့တွေ ဇာတ်ညွှန်း အတူတူ ဖတ်ကြပြီး အတူတူ သရုပ်ဆောင်လို့တောင် ရတယ်..." ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်သည်။ ယခင်တုန်းက သူမ အမြဲတမ်း အကြင်နာပေးခန်းများ၊ လက်ကိုင်ခန်းများ စသည့် ဇာတ်ဝင်ခန်းများကို မရိုက်ကူးဖို့ ငြင်းဆိုခဲ့သည်။ ကုမ္ပဏီအတွက် ထိခိုက်မှုလည်း များခဲ့၏။ ကံကောင်းစွာဖြင့် သူမက ကုမ္ပဏီ၏ ထိပ်တန်း သရုပ်ဆောင်တစ်ယောက် ဖြစ်သဖြင့် ကုမ္ပဏီက ဘာမှ မပြောခဲ့ပေ။

"အဲ့လိုလုပ်ဖို့ မလိုပါဘူး။ ဒီလိုနေတာက တော်တော်လေး စိတ်ချမ်းသာဖို့ ကောင်းတယ်လို့ ငါတော့ထင်တယ်။ နေ့တိုင်းက တိတ်ဆိတ်ပြီး ပျော်စရာကောင်းတယ်။ မကြာမကြာ ငါ့မိဘတွေဆီကိုလည်း ဖုန်းဆက်တယ်။ အရာရာ အဆင်ပြေပါတယ်။ နာမည်ကျော် တစ်ယောက်ဖြစ်ရတာက အရမ်းဖိအားများတယ်လေ" လင်းဖန်က ငြင်းဆန်လိုက်ပါသည်။

သူက အခုတောင် အလွန်ချောမောနေပြီးသား ဖြစ်သည်။ လမ်းမပေါ်တွင် ကောင်မလေး များစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်။ သတင်းသမားများက သူ့နောက်ကို လိုက်လာပြီး အမျိုးသမီးပရိတ်သတ်မျိုးစုံက သူ့ကို အထာပေးကြသည်။

ဒီလိုဘဝမျိုးကတောင် တွေးကြည့်ရုံနှင့် ဖိအားများလှသည်။ လင်းဖန်က ဘဝကို ပျော်ပျော်ပဲ နေလို၏။ အိမ်ငှားခများ ကောက်ခံမည်။ မိန်းကလေးများကို ဖွန်ကြောင်မည်။ မကြာခဏ လေ့ကျင့်ခန်းလည်း လုပ်မည်။ ဒီလိုဆို မကောင်းဘူးလား။

"သိပါပြီ..." ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်သည်။ သူမ၏ လှပသော မျက်လုံးလေးများ အနည်းငယ် အရောင်မှေးမှိန်သွားရသည်။

"ပြီးတော့ နင်နဲ့ အတူတူ သရုပ်ဆောင်ရင် နောက်ပိုင်း နင့်ပရိတ်သတ်တွေ ဝန်းရံတာပါ ခံရမှာပေါ့..."

"ခုနတုန်းက ငါ့ကိုခေါက်ဆွဲ ကျွေးတာသာ သူတို့တွေ မြင်သွားလို့ကတော့..." လင်းဖန်က ပြုံးလိုက်တော့သည်။ မသိစိတ်ထဲတွင်လည်း ရှားဝမ်ချွေ့က သူသိထားသည့် အရင်တုန်းက အတန်းဖော် မဟုတ်တော့မှန်း ခံစားမိဆဲ ဖြစ်ပါသည်။

လက်ရှိ ရှားဝမ်ချွေ့က မရေမတွက်နိုင်သော လူပေါင်းများစွာ သဘောကျသည့် နာမည်ကျော်တစ်ယောက် ဖြစ်သည်။ စနစ်သာ မရှိပါက သူကတော့ ခက်ခဲသည့် ဘဝမျိုးနှင့် သာမန်လူသာ ဖြစ်သည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now