အပိုင်း {၃၅} (UNICODE)

Start from the beginning
                                    

"မရှာပေးနဲ့။ မင်းနဲ့ မဆိုင်ဘူး။ သူများကိစ္စ ဝင်မပါနဲ့ ဇွဲမာန်ဟိန်း။"

မာန်သည် သူ ပြောချင်ရာ ပြောပြီးသည်နှင့် အိမ်အောက်ထပ်သို့ အပြေး ဆင်းသွားလေသည်။ ထိုအခါ ကြောင်နနနှင့် အခန်းဝ၌ အတောင့်လိုက် ကျန်ရစ်ခဲ့ရသူကား ဇွဲမာန်ဟိန်းပင်။ မာန်ရိပ်မော်က ဘာကောင်လဲ ... သူကလည်း အချိန်မတော် သူများအခန်းတံခါးကို ခေါက်ပြီး အိပ်ကောင်းခြင်း မအိပ်ရအောင် လုပ်သေးသည်။ လှိုင်း ပျောက်နေသည် ဆိုသဖြင့် ကူရှာပေးမည်ဟု ဟိန်းက စေတနာနှင့် ပြောသည်ကိုလည်း စေတနာကို ဝေဒနာ ဖြစ်အောင် ပြောသွားပုံကို ကြည့် ... သူများကိစ္စ ဝင်ပါသည် ပြောရအောင် လှိုင်းကို မတွေ့သည့် အရေးက ဟိန်းနှင့် မသက်ဆိုင်ဘဲ သူ့တစ်ယောက်တည်းနှင့် စပ်လျဉ်းနေသလိုလို။ မေမေနှင့် ဖေဖေ့ကို အားနာ၍သာ ဖေဖေ့၏ သား အရိုင်းတုံးကို သည်းခံနေရသည် ဆိုသော်လည်း တစ်ခါတရံ စိတ်ရှိလက်ရှိ ထထိုးချင်စိတ်ပေါ်သည်အထိ အမြင်ကပ်စရာ ကောင်းလွန်းသည့် မာန်ရိပ်မော်ပင်။ တစ်ဦးတည်းသော သားမို့ ဂျစ်တိုက်သည်ကို နားလည်ပေးနိုင်သော်လည်း သူ့လုပ်ရပ်များက ကလေးကလားနိုင်လွန်းသည်။ ထိုသို့သော လူစားမျိုးနှင့် ၃ နှစ်နီးပါး သည်းခံ နေထိုင်လာသည့် လှိုင်းအား ဟိန်း သနားကရုဏာ ပိုမိသည်။

"အန်တီဝင်း ..လှိုင်းသံစဉ်ရော။"

"လှိုင်းက ဈေးသွားတယ် မာန်လေးရဲ့။ ဘာဖြစ်လို့လဲ။"

"သူ့ကို ဘာလို့ ဈေးခိုင်းလိုက်တာလဲ။ ကျွန်တော်က ခွင့်ပြုလို့လား။"

ဒေါ်ဝင်းကို မေးနေသည်ကို မဆီမဆိုင် ဒေါ်အေးမြတ်မွန်က ဝင်ဖြေနေသဖြင့် မာန်သည် ဒေါ်အေးမြတ်မွန်အား စေ့စေ့ကြည့်ကာ ခပ်မာမာ မေးလိုက်သည်။

"တီမြတ် မခိုင်းပါဘူးကွယ်။ လှိုင်းက သူ ဝယ်စရာ ရှိလို့ဆိုပြီး ခွင့်တောင်းလို့ တီမြတ်က ခွင့်ပြုလိုက်တာပဲ ရှိတာပါ။"

"ကျစ် ..ပြန်လာမှ တွေ့မယ်။"

မာန်သည် တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်ရင်း မီးဖိုထဲမှ ထွက်ကာ ခြံထဲသို့ ထွက်လာရန် ခြေလှမ်းပြင်လိုက်သည်။ မီးဖိုထဲမှ ထွက်ပြီး ထမင်းစားခန်းကို ဖြတ်စဉ် လှမ်းခေါ်လိုက်သည့် ဦးသော်ကကြောင့် မာန့်ခြေလှမ်းများ ရပ်တန့်သွားရသည်။

လမင်းခြေသံ { Completed }Where stories live. Discover now