အပိုင်း {၃၂} (ZAWGYI)

Start from the beginning
                                    

"ဦးတို့ တီမြတ်တို့ ခွင့်ပြုတယ်ဆိုရင်တော့ ခေါ်ပါ မေ။"

"ဖေဖေတို့က ခွင့်ပြပါတယ် ကိုကိုရဲ့။ မေ့စကားတစ်ခွန်းပဲ။"

လှိုင်းလည်း ဘာမှ ထပ်မပြောတော့ဘဲ မေရတီအတွက် ကော်ဖီဖျော်ပေးလိုက်သည်။ နေ့လည်စာ စားချိန်ပင် ရောက်လုတော့မည့် အချိန်မှ အိပ်ရာထသည့် ကောင်မလေးသည် အမှန်တကယ် အလိုလိုက်ခံထားရသည်မှန်း သိသာလှသည်။

"ကိုကို ..ကိုမာန်ရောဟင်။"

မေ့အား လှိုင်းက အငွေ့မသေသေးသည့် ကော်ဖီခွက်ကို ချပေးလာချိန်၌ မေက ဘေးဘီကို ဝေ့ဝဲလျက် တစ်ခုခုကို ရှာဖွေနေဟန်ဖြင့် မေးလာသည်။ ထိုအခါ လှိုင်းသည် မတ်တပ်အနေအထားဖြင့်ပင် မေ၏ အမေးကို ပြန်ဖြေလိုက်သည်။

"ကိုရိပ်က သူ့ချစ်သူနဲ့ အပြင်ထွက်သွားတယ်။"

"ကိုရိပ် ဟုတ်လား။ နာမည်လေးက ခေါ်လို့ကောင်းလိုက်တာ။ မေလည်း ကိုရိပ်လို့ပဲ ခေါ်လို့ ရတယ်မလားဟင် ကိုကို။"

သဘောမတူချင်သော်လည်း လှိုင်းက ဘာတတ်နိုင်မည်နည်း။ မေရတီသည် ဦးသော်က၏ သမီးအရင်းပဲဟာ။ နောက်ပြီး မာန်သည် သူ့အပိုင်မှ မဟုတ်ဘဲ။ သူ့၌ ဘယ်လိုလုပ် မူပိုင် ကန့်သတ်ချက်တွေ ထားဖို့ အခွင့်အရေး ရှိနိုင်မည်နည်း။

"ကိုရိပ် သဘောတူရင်တော့ ခေါ်ပေါ့ မေ။"

"ဟုတ် ..သူ ပြန်ရောက်မှ ခွင့်သွားတောင်းရမယ်။ ဒါနဲ့လေ ..သူက ..ဒေါသကြီးတဲ့ပုံပဲနော်။ မနေ့ကဆို မေမေတို့ကို ပြန်ပြောနေတာများ ကြောက်စရာကြီး။"

ကော်ဖီခွက်ကို ကိုင်ထားရင်း ပုခုံးလေးတွန့်ကာ ပြောလာပုံကတော့ မာန့်ကို အမှန်တကယ် လန့်နေသည့်ပုံပါပဲ။ လှိုင်း စိုးရိမ်သည်ကလည်း မာန့်ကို ဦးသော်က၏ မိသားစုအမြင်၌ ယခုလိုမျိုး တစ်မျိုးတစ်မည် ထင်မှတ်သွားမည်ကိုပင်။ တကယ်တော့ မာန်က သူတို့ ထင်သလို ၊ မြင်သလို ဆိုးသွမ်း ရိုင်းစိုင်း ကြမ်းကြုတ်နေတာမှ မဟုတ်တာ ... နှလုံးသားက ဖြူစင်လွန်းလို့ အပွန်းပဲ့ အထိရှ မခံနိုင်တာ ၊ အစွဲအလမ်း ကြီးလွန်းလို့ အမျက်ဒေါသ ထွက်လွယ်တာ ၊ ဟန်ဆောင်မှုကင်းလွန်းလို့ လူအများအမြင်မှာ ထိန်းမရ ဆိုမရ ပုံစံ ဖြစ်နေတာ။ တကယ်တော့ မာန်က အင်မတန် စိတ်ရှင်းပြီး ဟန်ဆောင်မှု ကင်းကာ တွယ်တာတတ်လွန်းသူမှန်း လှိုင်းလောက် မည်သူက သိနိုင်မည်နည်း။

လမင်းခြေသံ { Completed }Where stories live. Discover now