အပိုင်း {၂၉} (UNICODE)

Start from the beginning
                                    

လှိုင်းသည် ယမန်နေ့ကကဲ့သို့ မာန့်ဆီမှ ရလာသည့် ဒုတိယမြောက်စာကို မာန်တို့ လမ်းထိပ်၌ပင် ဖွင့်ဖတ်ကြည့်လိုက်သည်။ စာအိတ်ပေါ် ရေးထားသည့် "အပြစ်ပေးစာ" ဆိုသော အသုံးအနှုန်းကြောင့် လှိုင်း ပြုံးလိုက်မိသည်။ စာကို အလောသုံးဆယ် ဖွင့်ဖတ်မိရာ တစ်ယောက်တည်း အရူးလို လမ်းဘေး သစ်ပင်အောက် တဟားဟား ရယ်နေမိတော့သည်။ မာန်ရိပ်မော် ဆိုသည့် လူသားကိုတော့ လှိုင်း ငြိတွယ်ပြီးရင်း ရုန်းမထွက်နိုင်တော့အောင် ငြိတွယ်နေတော့မိသည်။

ငတုံးကောင် ပုတက်
ပန်ဒါတောင် ငါ့လောက် ချစ်ဖို့ ကောင်းလို့လား ဟမ်။ မင်းကများ မလေးမစားနဲ့ ... သေချင်နေပြီလား လှိုင်းသံစဉ်။ စိတ်တိုနေပါတယ်ဆိုမှ ဒေါသကို မထွက်ထွက်အောင် လာဆွပေးနေတယ်ပေါ့ ဟုတ်လား။ ရတယ်လေ ... အပြစ်လုပ်ထားတာ ဆိုတော့ ငါကလည်း အပြစ်ပေးရမှာပေါ့။
() မင်းကို ငါ ဘာဂစ်တာတီးမှ မသင်ပေးဘူး။
() မင်းမွေးနေ့လည်း ဘာလက်ဆောင်မှ မပေးဘူး။
() မင်းရဲ့ voice recorder လည်း နားမထောင်တော့ဘူး ... မင်းကိုယ်တိုင် ဆိုပြရမယ်။
() ငါ့ကို လတိုင်း ကြယ်ပန်း ပေးရမယ်။
() ညဘက်လည်း အဲကွန်းကို ၁၆ ဖွင့်ပြီး စောင်ပေးမခြုံဘူးကွာ။
() အဖွားဓာတ်ပုံ အပါအဝင် မင်းရဲ့ ပစ္စည်းတွေ အားလုံး ငါ သိမ်းတယ်။
() နေ့တိုင်း ငါ့ကို သကြားလုံး ပေးရမယ်။
ငါ့ရဲ့ Lucky 7 ကို သေချာ မှတ်ထား ... ဒါက တစ်ဘဝလုံးစာအတွက် ငါ့ရဲ့ အပြစ်ဒဏ်။ သဘောပေါက်လား ... ဒါဘဲ။
မှ
ဂရင်းနစ်စံချိန်ဝင် ကမ္ဘာ့အချောဆုံး ပန်ဒါလေး မာန်ရိပ်မော်

အစပိုင်းကတော့ ဤကဲ့သို့ မရှိရှိသည့် အကြောင်းအရာများကို စာရွက်ထဲ ရောက်တတ်ရာရာ ရေးကာ အပြန်အလှန် ပေးပို့ဖြစ်သော်လည်း ရက်အနည်းငယ် ကုန်လွန်လာချိန်၌ မာန်သည် သူ၏ နေ့စဉ်ဘဝ၌ ပြုလုပ်ဖြစ်သည့် လုပ်ငန်းဆောင်တာများကို ထည့်ရေးကာ လှိုင်းအား အသိပေးတတ်သည်။ ထို့ကြောင့်လည်း များမကြာမီ အချိန်အတွင်း၌ ဦးသော်ကသည် မန္တလေးမှ ရန်ကုန်သို့ အပြီးအပိုင် ပြောင်းလာတော့မည်ဆိုသည့် ဝမ်းသာစရာ သတင်းစကားကို လှိုင်း စာမှတစ်ဆင့် သိခွင့်ရလိုက်သည်။ စာထဲ၌ ထိုအကြောင်း ပြောနေသည့် မာန်သည် စကားလုံးများဖြင့် သူ၏ ပျော်ရွှင်မှုကို အထင်းသား ရေးသားထားသောကြောင့် လှိုင်းထံသို့ပါ အပျော်ကူးစက်ရသည်။

လမင်းခြေသံ { Completed }Where stories live. Discover now