မုန်း၍ဖြင့် မနေရစ်စေလို_(၅)

Start from the beginning
                                    

        "တွဲရအောင်လေ"

        သူမသည် သူ၏ မျက်နှာကို ကြည့်၍ တ ည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်သည်။သူသည် ရုပ်ချောသည့်လူ ဟုတော့ ပြောလို့ရပါသည်။သို့သော်သူမ၏စံချိန်စံညွှန်းများနှင့်တော့သိပ်မကိုက်။လတ်၏ လက်တွဲဖော်ဖြစ်လာမည့်သူအတွက် သတ်မှတ်ထားသည့် ပထမဆုံးစည်း ကမ်းချက်။ကျောင်းဆရာ မဖြစ်ရ။သူသည် ထိုအချက်မှာတင်ငြိနေပြီဖြစ်သည်။ထို့အပြင် သူ၏ မျက်လုံးများသည် ရဲတင်းလွန်းသည်။မိန်းကလေးများနှင့်လည်း အရောတဝင် နေလွန်း၏။လတ်သည် လတ်၏ ကောင်လေးကိုတိတ်တိတ်ဆိတ်ဆိတ်‌နေတတ်၍ အနေတည်သူ တစ်ယောက်ဖြစ်စေချင်သည်။ရင်ခုန်တာကတော့ သူ့မှ မဟုတ်။ထူးခြားသည့် သူတိုင်းကိုခုန်နေတာပဲဖြစ်သည်။ရင်ခုန်သည်ဆိုတိုင်း တွဲနေရလျှင် ရလာမည့် ရည်းစား ဦးရေသည် လက်ဆယ်ချောင်း၊‌ခြေဆယ်ချောင်း ပေါင်း၍ ရေတွက်လို့‌တောင် ရ‌တော့မည်မဟုတ်။

       "ဟင်"

       "ငါပြောလိုက်တာ မကြာဘူးလား"

       "ဟင် မဟုတ်ဘူး မဟုတ်ဘူး ကြားတယ်"

       "ဒါနဲ့ နင့်နာမည်က ဘာလဲ"

       "ဟမ်"

       "ဘာ'ဟမ်'တာတုန်း။ငါမှ နင့်နာမည်ကို မသိတာ။ငါက နင့်ကို လိုက်စုံစမ်းနေတာလည်း မဟုတ်ဘူးလေ"

        လတ်သည် သူ့နာမည်ကို တကယ်မသိ။သူ့ကို မြင်ရင် ရင်ခုန်တာပဲရှိသည်။ရင်ခုန်လို့ဆိုပြီး သူ့အကြောင်းကိုတော့ တကူးတကကြီး လိုက်မစုံစမ်းခဲ့။ရင်ခုန်တိုင်းသာ လိုက်စုံစမ်း‌ရလျှင် လတ်၏ဘဝသည် တစ်သက်လုံး စုံစမ်း‌ နေရမည်ဖြစ်သဖြင့် အားလပ်လာနိုင်တော့မှာတောင်မဟုတ်။သူက ခေတ္တမျှကြောင်နေခဲ့ရာမှ တဟင်းဟင်းနှင့် ခပ်တိုးတိုး ရယ်လိုက်ပြီး လက်နှစ်ဖက်နှင့် မျက်နှာကို အုပ်လိုက်သည်။ထို့နောက်

        "အနန္တကျော်"ဟု ပီပီသသ ရွက်လိုက်သည်။သူမနှင့် သူသည် ဤကဲ့သို့ စတင်ခဲ့ကြခြင်းဖြစ်သည်။

        ရယ်တော့ အရယ်ရသား။တက္ကသိုလ် ကျောင်းသူတစ်ယောက်ဆိုပေမယ့်လည်း မုန့်စားဖော်၊လမ်းလျှောက်ဖော်၊ရင်ဖွင့်၍တိုင်ပင်ဖော်သူငယ်ချင်းတောင်မရှိသည့် သူမ၏ဘဝကြီးထဲကို ခပ်ချောချောလူတစ်ယောက် ဗြုန်းဆို ခြေချော်၍ကျလာခဲ့၏။လတ်သည်လည်း ဘာအသားနှင့် ထွင်းထုထားသည့်လူမို့လို့လဲ။ကိလေသာ၊တဏှာ‌တွေ မကုန်ခမ်းသေးသည့် ပုထုဇဉ်လူသားတစ်‌ယောက်ပဲ မဟုတ်လား။ခြောက်ကပ်ကပ်ဖြစ်နေခဲ့သော လတ်၏ ဘဝသည် သူ့ကြောင့် ပြန်လည် စိုပြေလာရသည်ဟု ထင်မိသည်။အရင်က စကားပြောဖော်ဆိုလို့ အပင်တွေနှင့် စာအုပ်တွေပဲ ရှိသည်။အခုတော့ လတ်၏ အူကြောင်ကြောင်စကားများကိုနားထောင်မည့်သူ နောက်ထပ်တစ်ယောက်တိုးလာပြီဖြစ်သည်။သူသည် လတ် ဘာပြောပြော ပြုံးပြီး အမြဲနားထောင်‌နေတတ်၏။'နင်ပြောတာလည်း ဟုတ်တာပဲ'ဟု ခေါင်းတညိမ့်ညိမ့်လုပ်၍ လတ်၏ခပ်ကြောင်ကြောင်စကားများကို အမြဲလိုလိုထောက်ခံ‌ပေးတတ်သည်။တစ်ခါတစ်ရံ တွင် 'ငါတော့ ဒီလိုမထင်ပါဘူး နေခြည်ရယ်' ဟု အစချီ၍ သူ၏အတွေးများကို လတ်ကို ပြန်ပြောတတ်သေးသည်။တစ်ခါ တစ်ရံ လတ်၏စကားများကို ထောက်ခံသည် မထောက်ခံသည် ဘာတစ်ခွန်းမျှ ပြန်‌မပြောဘဲ လတ်ကို ငြိမ်ငြိမ်ကလေးထိုင်၍ ကြည့်နေတတ်၏။ထိုအခါမျိုးဆို လတ်သည် သူ့အား စိတ်ဆိုးနေကျ။'နင် ငါ့စကားကို ‌နားထောင်မနေဘူးမို့လား'ဟု အတွင်တွင်မေး၍ရန်ထောင်နေကျ။
         လတ် မနက်ခင်း စာပြသွားတိုင်း သူက ကျောင်းဂိတ်ပေါက်အနီးရှိ တမာပင်အောက်တွင် စက်ဘီးတစ်စီးနှင့် စောင့်နေတတ်သည်။ပြီးလျှင် စာပြပေးရမည့်အိမ်နားအထိ လိုက်ပို့သည်။တစ်ခါတွင် 'လိုက်မပို့ပါနဲ့။ငါအမြဲသွားနေကျပဲ'ဟု လတ်က ပြောရာ 'အဲ့ဒီလိုတော့ မလုပ်နိုင်ဘူး။အရင်တုန်းကတောင် ဘယ်လိုမှမတတ်နိုင်လို့ ဒီအတိုင်းကြည့်နေခဲ့ရတာ' ဟု ခပ်တည်တည်နှင့် ပြန်ပြောခဲ့၏။သူ၏စကားသည် အမှန်ဖြစ်၏၊မဖြစ်၏ကိုမူ သေချာမသိပါသော်လည်း ထိုအ‌ပြောတစ်ခုကြောင့် လတ်ဟူသော မိန်းမတစ်ယောက်သည် ရက်ပေါင်းများစွာရင်ခုန်နေခဲ့ဖူး၏။တိတ်ဆိတ်၍ပျင်းစ ရာကောင်းသော လတ်၏ဘဝကို တိတ်တခိုးစိုးရိမ်ပေးနေသူတစ်ယောက် ရှိနေခဲ့သည်ကို တွေးမိတိုင်း ကြည်နူးနေခဲ့၏။ဒီလိုဆို‌တာသိရတော့ လတ်၏တတိယနှစ်သည် သနားစရာမကောင်းဘဲ ကြည်နူးစရာပင်‌ကောင်းနေသေးသည်။
          ယခင်က သူမသည် 'ရည်စားတစ်ယောက်လောက်ဖြစ်ဖြစ်ထားရလျှင် ကောင်းမည်လား'ဟု မကြာခဏ‌ တွေးမိခဲ့သော်လည်း သူမကို ပိုးပန်းနေကြသည့် ယောကျ်ားများထဲတွင် သူမ၏စိတ်နှင့် ကိုက်ညီမည့်လူကို မမြင်မိခဲ့သဖြင့် ရည်းစားထားဖို့ရန် စိတ်မကူးမိခဲ့။အချစ်ဆို‌သော စိတ္တဇနာမ်အပေါ်မှာ ယုံကြည်မှုမရှိတာလည်း ပါ၏။တစ်စုံတစ်ယောက်ကို စိတ်ရင်းနှင့် အမှန်တကယ်ချစ်နိုင်ပါလိမ့်မည်ဟု မိမိကိုယ်ကို ယုံကြည်မှုမရှိခဲ့သောကြောင့်လည်းပါသည်။ငါနဲ့တန်တဲ့ ယောက်ျားရယ်လို့ ဒီကမ္ဘာမှာမရှိသေးဘူးဟု ထင်နေခြင်းကြောင့်လည်းပါသည်။ယခုမူ ဒီကောင်လေးကတော့ ငါနှင့် အနည်းငယ်လိုက်ဖက်တန်ကောင်းရဲ့ဟု တွေးမိသဖြင့် လက်ခံရန် ဆုံးဖြတ်လိုက်ခြင်းမျှဖြစ်သည်။သူ့ကို ရွေးချယ်လိုက်ခြင်းသည် နှလုံးသား၏ စေခိုင်းချက်ထက် ဦးနှောက်၏ စေခိုင်းချက်က ပို၍ သာနေခဲ့သည်ကို လတ် ကိုယ်တိုင်အသိဆုံးဖြစ်သည်။သူမ၏ စိတ်‌၏ အတွင်းကျဆုံးတစ်နေရာတွင်မူ ဦးနှောက်၏ အဆုံးအဖြတ်မပါဘဲနှင့် ရွေးချယ်ထားသည့် ပုံပြင်ဆန်သော ယောက်ျားတစ်ယောက်ကို သူမ၏ ဘဝထဲသို့ ရောက်လာရန်အလိုရှိနေခဲ့၏။
             ဒါ့အပြင် သူမတွင် အနည်းငယ်ခပ်ကြောင်ကြောင်နိုင်သည့်ခံယူချက်ကလေးတစ်ခုရှိသည်။သူမသည်ရည်းစားရပြီးနောက် ထိုရည်းစားနှင့်အကြောင်းမတိုက်ဆိုင်၍ပြတ်သွားခဲ့လျှင်‌တောင် ထိုသူကို ခန့်ညားထည်ဝါနေစေချင်သည်။'ဒါကငါ့ရည်းစားဟောင်း‌'ဟု ခေါင်းမော့၍ ပြောချင်၏။'နေခြည်လင်းလင်းလတ်ရဲ့ ရည်းစားဟောင်းတဲ့ သိပ်ချောတာပဲ၊သိပ်‌လည်းတော်တာပဲ'ဟု အပြောခံရမှလည်းဖြစ်မည်။'သူ့ကို ကြွေနေတဲ့လူတွေအများကြီးထဲကမှ နေခြည်လင်းလင်းလတ်ဆိုတဲ့ ဆိုက်ကိုမကိုမှ ကြိုက်ခဲ့တာလေ' ဟု လူတွေပါးစပ်ဖျားမှာ မနာလိုစိတ်နှင့်မဲ့ကာရွဲ့ကာပြောနေစေချင်သည်။သို့ဖြစ်၍ တွေ့ကရာ မထင်မရှားလူကို ကောက်၍ မတွဲချင်။အနန္တ‌ကျော်ဆီမှာတော့ လတ်၏ရည်းစားအဖြစ် နေထိုင်နိုင်သည့် အရည်အချင်းများရော၊လတ်၏ရည်းစားဟောင်းအဖြစ်နေထိုင်ဖို့ အရည်အချင်းများပါရှိနေသည်။ဒီအချက်တွေနှင့် ချိန်ကိုက်ပြီး သူ့ကို လတ်၏ရည်းစားအဖြစ်လက်ခံခဲ့သည်ကို သူသိများသိသွားခဲ့လျှင်.....။
        သူသည် လတ်နှင့် ရည်းစားသက်တမ်းတစ်လျှောက်လုံးတွင် လတ်အတွက် ရည်းစားကောင်းလည်းဖြစ်၊သူငယ်ချင်း‌ကောင်းလည်းဖြစ်၊အ‌ဖော်ကောင်းတစ်ယောက်လည်း ဖြစ်ခဲ့ ၏။ရည်စားဖြစ်ခဲ့သည့် တစ်လျှောက်လုံး သူသည် နေ့စဉ် လတ်ကိုအပိုအကြိုလုပ်ပေး၏။သူသည် မနက်တိုင်း လတ်စာသင်ပေးရမည့်အိမ်သို့လိုက်ပို့ပေးယုံသာမက လတ်စာသင်၍ ပြီးလောက်မည့်အချိန်ကိုလည်း တွက်ချက်၍ စာသင်သည့်အိမ်နှင့် ခပ်လှမ်းလှမ်းတွင် အမြဲရပ်စောင့်နေတတ်၏။စာသင်‌နေသည့် အချိန်အတွင်းမှာ‌တော့ သူသည် မန္တလေးဘက်အထိ သူငယ်ချင်းများနှင့်အတူ စက်ဘီးစီးလျှင် စီးနေမည်။သို့မဟုတ် စစ်ကိုင်း-မုံရွာလမ်းမကြီး‌ ဘေးရှိကံတလူဘုရားကြီးဘက်သို့ စက်ဘီးစီးသွားလျှင်သွားနေကြမည်။အပြန်တွင် လတ်ကို ဝင်ကြိုမည်။ပြီးလျှင် လတ်တို့နှစ်ဦးသည် အလာပသလာပများ ပြောရင်း၊အချင်းချင်းစက်ဘီးပြိုင်စီးရင်း ကျောင်းသို့ အတူတူပြန်ကြမည်။ထိုအရာသည် လတ်တို့နှစ်ဦး၏ နိစ္စဓူဝလုပ်ငန်းပဲဖြစ်သည်။
          တစ်ခါတွင် သူသည် သူမစာသင်ပေးသည့်အိမ်၏ အိမ်ရှေ့မျက်နှာစာအထိလာ၍ သူမကို ကြိုသည်။ကလေးများ၏မိခင်ဖြစ်သူ အိမ်ရှင်သည် သူ့အား အိမ်အတွင်းသို့ ခေါ်၍ ဧည့်ခံ၏။လတ်သည် အပေါ်ထပ်တွင် စာသင်နေသဖြင့် ထိုအချင်းအရာကို မသိ။ခဏကြာတော့ ကလေးတစ်ဦးသည် အိမ်သာသွားအုန်းမည်ဟုဆိုကာ အောက်သို့ ဆင်းသွားသည်။ပြန်လည်းတက်လာရော 'ဆရာမ အောက်မှာ ဆရာမချစ်ချစ် ရောက်နေတယ်။ဆရာမကို လာကြိုတာတဲ့'ဟု ရယ်ကျဲကျဲနှင့် ပြော‌လေသည်။လတ်မှာ ကလေးဆီမှ ထိုသို့ အပြောခံရသဖြင့်ရှက်လိုက်သည့်ဖြစ်ခြင်း။လတ်သည် ကလေးများ၏ရှေ့တွင် အမြဲအနေတည်တည် နေသည်။လတ်၏ အပြုအမူနှင့်အနေအထိုင်များအားလုံးသည် ကလေးများအတွက် အမြဲစံပြ‌ဖြစ်‌နေစေချင်သည်။လတ်တွင် ရည်စားရှိ‌နေခြင်းသည် ရှက်စရာမဟုတ်သော်လည်း ဒီကလေးများ၏ရှေ့မှာတော့ ဒီလိုချပြနေ၍ မဖြစ်။ချပြလို့ဖြစ်တယ်ဆိုရင်တောင် အိမ်ထိလာကြိုပြ‌နေသည့်ကိစ္စကတော့မဟုတ်‌သေး။သူမစာသင်ပေးနေရသည့် ကလေးများသည် ကိုးတန်းကျောင်းသူလေးများ ဖြစ်သည်။သူတို့သည် လတ်ကို တစ်မျိုးတစ်မည်အဓိပ္ပါယ်ပါသော မျက်လုံးများနှင့် ကြည့်၍ စူးစမ်းနေခဲ့ကြသည်ကို ယခုထိတိုင် မျက်လုံးထဲမှာ မြင်ယောင်နေသေးသည်။သူတို့သည် အရာရာကို စူးစမ်းချင်ကြသော ရင်ခုန်တတ်စအရွယ်များဖြစ်ကြသည်။'သူတောင် ဒီလို လုပ်သေးတာပဲ'ဟူ‌သောစကားသည် ဆယ်ကျော်သက်များကြားတွင် အင်မတန်ရေပန်းစားသော စကားတစ်ခွန်းဖြစ်၏။သူတို့တွေ လတ်ကို ကြည့်၍ အတုမယူသင့်သောအရာကို အတုယူလိုက်မှာ အလွန်စိုးရိမ်သည်။
        လမ်းသို့ ရောက်သောအခါ လတ်သည် သူ့ကိုစိတ်ဆိုးသဖြင့် စကားမပြောပဲနေသည်။သူမေးသည့် မေးခွန်းများကိုလည်း ပြန်မဖြေ။ခဏကြာတော့ လတ် စိတ်ဆိုးနေသည့်အဖြစ်ကို သူသတိထားမိသွားဟန်တူသည်။သို့သော် ဘာမျှ မဖြစ်သလိုပင် အိမ်ရှင်‌နှင့်ပြောခဲ့သည့် အကြောင်းများကို မှင်မပျက် ဖောက်သည်ချနေ၏။လတ်သည် သူ၏စကားကို နားထောင်နေရင်းနှင့် 'ဒါလေးတောင်မသိတတ်ရန်ကော' ဟု တွေးကာ ဒေါသထွက်‌နေမိသည်။သည်းမခံနိုင်တော့သည့်နောက် စီးနေသည့်စက်ဘီးကို ဗြုန်းဆို ရပ်ပစ်လိုက်ပြီး

You've reached the end of published parts.

⏰ Last updated: Feb 22 ⏰

Add this story to your Library to get notified about new parts!

မုန်း၍ဖြင့် မနေရစ်စေလိုWhere stories live. Discover now