မုန်း၍ဖြင့် မနေရစ်စေလို_(၃)

89 2 2
                                    

      နာရီကို ငုံ့ကြည့်လိုက်တော့ ည(၁၁)နာရီထိုးနေပြီဖြစ်သည်။တစ်တောလုံး တစ်တောင်လုံး တိတ်ဆိတ်‌ငြိမ်သက်နေကာ ဟိုးအဝေးမှ ဂျီဟောက်သံသဲ့သဲ့ကို မကြာမကြာ ကြားနေရသည်။‌တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ‌အမှောင်ထု၏ တစ်နေရာမှ ခပ်အုပ်အုပ်ထွက်ပေါ်လာတတ်သော ညငှက်အချို့၏ အော်မြည်သံသည် နားနှင့် ဝေးသွားလိုက် နီးလာလိုက်နှင့်။တစ်ခါတစ်ရံ အတော်ဝေးသော တစ်နေရာမှ ခွေးတစ်‌ကောင်၏ ရန်သူအချက်ပေးသံကို လေအတွေ့တွင် ခပ်မှိန်မှိန်ကြားရပြန်သည်။
       အရှေ့အရပ်မှ တဖြည်းဖြည်း မြင့်တက်လာခဲ့သော ပိန်ရှုံ့ရှုံ့‌လမင်းကြီးသည် ၎င်း၏ အားနည်းချိနဲ့လှသော ဝါကျင့်ကျင့်အလင်းဓာတ်မီးကို တောကြီးမျက်မဲထဲတွင် အပြင်းခရီးနှင်‌နေကြသည့် လူသားနှစ်ဦးအတွက် ထွန်းလင်းလျှက်ရှိသည်။တပိုတွဲလ ကုန်လုနီး၍ နွေဦး၏ ပြယုတ်ဖြစ်သော တပေါင်းလဆီသို့ တဖြည်းဖြည်းချင်း ချင်းနင်းဝင်ရောက်နေပြီ ဖြစ်သော်လည်း တပေါင်းလတွင်လည်း 'နေ့ပူ၍ညချမ်းတပေါင်းလသရမ်း' ဟူ‌သော ရှေးစကားပုံက ရှိနေသေး၍ တပိုတွဲလစွန်း၏ ညချမ်းမှာ တောင်လေ‌တဖြူးဖြူး တိုက်ခတ်ရင်း အချမ်းပိုလျှက်ရှိနေသေး၏။
      သို့သော် ထိုခပ်စိမ့်စိမ့်‌ရာသီစက်ဝန်းထဲတွင် အပြင်းခရီးနှင်နေကြသည့် လူသားနှစ်ဦးသည် ချမ်းအေး၍ မနေအားနိုင်ရှာကြပါ။တစ်နှစ်တာ၏ အကောင်းဆုံးရာသီဖြစ်သည့် ဆောင်းကုန်၍ နွေကူးစ၊တပိုတွဲလကုန်လွန်၍ တ‌ပေါင်းကူးစ ညတစ်ည၏အလှ၊ဆောင်းငွေ့နှင့် နွေ၏အငွေ့အသက်တို့ ရောယှက်ဆိုင်းနေသည့် ညတစ်ည၏ သဘာဝကိုလည်း ခံစားစီး‌မြော၍ မနေအားရှာကြပါ။ကိုယ်စီ၏ နဖူး၊ဂျိုင်းနှင့်ကျောကုန်းတို့တွင် ချွေးများစို့နှက်၍ အိုက်စပ်စပ်ကြီးဖြစ်‌နေကာ စိတ်ပျက်စရာ ညတစ်ညဟုပင် မှတ်ယူနေမိကြသေး၏။ 
      ခရီးနှင်နေသူ နှစ်ဦးရှိသည့်အနက်မှ တစ်ဦးသည် ၎င်း၏ ခြေထောက်များက ညောင်းကိုက်လှပြီဖြစ်သော်လည်း အနားပေးခွင့်ရှိ နေသူ အခြားတစ်ဦးကား ၎င်းအမျိုးသမီး၏ အပေါ်တွင် စေတနာထားခြင်းတည်းဟူ‌သော သဒ္ဒါတရားအနည်းငယ်မျှပင် ရှိ‌နေပုံမ‌ရ။သို့ဖြစ်၍ ၎င်းအမျိုးသမီးသည် သူမ၏အသက်နှင့်တူ‌သော ၎င်း၏ခရီးဖော်ဖြစ်သူယောက်ျားကို အရဲကိုး၍လည်း သနားညှာတာပေးရန် မတောင်းဆိုရဲ။‌‌စိတ်အခန့်မသင့်၍ တော်ရာချောက်ကမ်းပါးထဲသို့ ကန်ချထားခံခဲ့ရလျှင် ဒုက္ခများပေရောမည်။ထို့‌ကြောင့် လေထုထဲမှ (၂၁)ရာခိုင်နှုန်းသော အောက်စီဂျင် ဓာတ်ငွေ့ကိုသာ အငမ်းမရ ရှာဖွေရှုရှိုက်ရင်း ခြေလှမ်းများကို ကြိုးစား၍ လှမ်းနေရလေသည်။
       ၎င်းတို့နှစ်ဦးသည် အ‌ကွေ့အကောက် အနိမ့်အမြင့် အတော်များသော်လည်း ပြောင်ယောင်သပ်ယပ်နေသည့် တောလမ်းမကြီးတစ်ခု၏အပေါ်တွင် အချိန်အတန်ကြာအောင် လမ်းလျှောက်နေခဲ့ကြပြီး‌နောက် သစ်ရွက်ခြောက်များနှင့် ထုတက် ပြည့်နှက်နေသည့် တောလမ်းကျည်းကလေးဆီသို့ ကွေ့ဝင်လိုက်ကြသည်။ထိုအခါ တိတ်ဆိတ်သောညသည် သစ်ရွက်ခြောက်များကို နင်းဖြတ်လိုက်သည့် တဂျွမ်းဂျွမ်းမြည်သံတို့ကြောင့် ကြက်တိန်းထဖွယ် သက်ဝင်လှုပ်ရှာလာကြ‌လေသည်။ပြောင်‌ရှင်းသပ်ယပ်သော လမ်းမပေါ်တွင် လမ်းလျှောက်နေရစဉ်ကတည်းက ခြေလှမ်းများ လေးလံနေခဲ့ပြီဖြစ်သောသူမသည် သစ်ရွက်ခြောက်များ၏ အကြားတွင် ခြေချလိုက်ရသည်နှင့် ခြေလှမ်းများက သိသိသာသာပင် ပို၍ နှေးကျသွားသည်။
      သူမသည် မိမိ၏ အနီရောင်အဆင့်အခြေအနေကို တတ်နိုင်သမျှ မေ့ပစ်၍ လမ်းကိုသာ ဂရုတစိုက်ကြည့်၍ ကြိုးကြိုးစားစားလျှောက်နေခဲ့ရာမှ ကိုယ့်အဖြစ်ကို ကိုယ်ပြန်တွေးဖြစ်‌အောင် တွေးမိသွားကာ ရင်ထဲမှ လှိုက်ခနဲစို့၍ တက်လာသည်။မျက်‌တောင်ဖျားများတွင် နှင်းမှုန်လား မျက်ရည်လား မသဲကွဲသော အရည်တစ်မျိုးကြောင့် စိုစွတ်လာသည်။သူမသည် နှာတစ်ချက်ကို 'ရှူး'ခနဲရှုံ့လိုက်ကာ အရင်လို လှပခြင်းမရှိတော့သည့် လမင်းကြီးကို စိတ်ပျက်လက်ပျက်နှင့် မော့၍ ကြည့်လိုက်မိ၏။
     
      "အမလေး.."

မုန်း၍ဖြင့် မနေရစ်စေလိုWhere stories live. Discover now