ဆိုင်သည် ရိုမန့်စ်တေးသံတို့ဖြင့် နွေးထွေးနေ၏။
နှလုံးသားသည်လည်း တလှုပ်လှုပ်။
မမြင်ရပေမဲ့ နားဖျားတွေနီနေမှာကိုလည်း ကျွန်တော်သိရဲ့..။ကင်မ်ဆောနူ၏ တွဲထားခဲ့တဲ့ လက်တွေကို ကျွန်တော်ရဲ့ ကာဖီရောင်လောင်းကုတ်မှာ ခံစားနေရဆဲ။
ကလေးပီပီ တဇွတ်ထိုးလုပ်လိုက်သူက မျက်နှာချင်းဆိုင်မှာ ထိုင်နေသော်လည်း အရှက်သည်းလှသူကျွန်တော်ကား ထိုကလေးကို အကြည့်ချင်းတောင် မဆုံရဲ။
ဆောလ်နူးသည် မျက်နှာကဲခတ်တတ်သူ မဟုတ်သော်လည်း ကျွန်တော်၏ ဖုံးဖိရခက်သော ခံစားချက်များဟာ သိသာထင်ရှားလွန်းနေတတ်သည်။
ကင်မ်ဆောနူထက်ငယ်သော ကျွန်တော့်ညီမငယ်ပင် သိထားနေသော ခံစားချက်များပင်မလား။
လောကသဘောမသိသေးရှာသူ ညီမငယ်သည် ဆောနူကိုပေးဖို့ဟူကာ ကလေးဆန်သော်လည်း စစ်မှန်လှသော လက်ဆောင်များကို ကျွန်တော်အားပေးဖူးလေသည်။ များသောအားဖြင့် စက္ကူဖြင့်ခေါက်ထားသည့် ကြယ်ကလေးများ၊ ကြိုးကြာလေးများတို့ ဖြစ်လေ့ရှိသည်။
သတ္တိမဲ့လှသော ကျွန်တော်ကား ခရုခွံ၊ ယောက်သွားခွံများဖြင့် ပြုလုပ်ထားသည့် လည်ဆွဲတစ်ခုကိုသာ ဆောနူဆီအရောက် ပေးဖူးလေသည်။
"ကိုကို.. ကိုကို.. ကိုကို.."
"ဟင်"
ပြုံးပြုံး ပြုံးပြုံးဖြင့် ကင်မ်ဆောနူ ပါးစပ်က တိုးတိုးဖြင့် ရေရွတ်သံများကြောင့် ကျွန်တော် မျက်ခုံးပင့်ပြီး မေးခွန်းထုတ်ရသည်။
ပျော်မြူးနေသော အကောင်ပေါက်သည်ကား
"ဘာမှမဟုတ်ဘူး"
ဟုဆိုကာ ထပ်ပြုံးနေပြန်၏။
marshmallowလို ပါးဖောင်းဖောင်းများမို့တတ်သည့် တိုင်အောင်။ ဗာဒံစေ့လို မျက်ဝန်းသွယ်များ မှိတ်ကျသည့်တိုင်အောင်။
"ချိုမြိန်တဲ့ဒိတ်လေးဖြစ်ပါစေရှင်"
ဝန်ထမ်းအမျိုးသမီးကို ဝတ်ကျေတမ်းကျေပြုံးပြလိုက်သော်လည်း ဟီဆွန်းစိတ်ထဲသိပ်မကြေလည်။