အပိုင်း {၂၂} (ZAWGYI)

Start from the beginning
                                    

"ကိုရိပ်"

ဘုန်းသွင်၏ ပန်းချီများကို အာရုံရောက်နေစဉ် ကြားလိုက်ရသည့် ခေါ်သံသဲ့သဲ့ကြောင့် မာန်သည် အသံလာရာသို့ အယောင်ယောင် အမှားမှားဖြင့် ကပျာကသီ လှည့်ကြည့်လိုက်မိသည်။ ထိုအခါ ခုတင်ထက်၌ ထိုင်နေသည့် လှိုင်း၏ အကြည့်များသည် မာန်၏ အကြည့်တို့နှင့် စီးချင်းလာထိုးသည်။ လူကိုယ်တိုင်ကသာ အားနည်း‌နေသည်မျိုး မဟုတ်ဘဲ မျက်ဝန်းညိုများကပါ ဖျော့တော့နေသဖြင့် မာန်သည် မနေ့က တင်းထားခဲ့သည့် မာနများ အားလုံးကို ခဝါချကာ အမျက်ဒေါသ အလုံးစုံကိုလည်း မျက်ကွယ်ပြုပြီး လှိုင်းအနားသို့ တိုးကပ်သွားလိုက်သည်။

"ဘယ်လိုနေသေးလဲ ..သက်သာရဲ့လား။"

မာန်သည် ခုတင်စပ်နား ဝင်ထိုင်လိုက်ကာ သူ့အား မျက်တောင်မခတ်တမ်း ငေးနေသည့် လှိုင်း၏ နဖူးပေါ် လက်တင်ကာ အဖျားစမ်းလိုက်မိသည်။ ကိုယ်ငွေ့သေနေဆဲမို့ တော်သေးသည် ဆိုရမည် ... လှိုင်းသာ အဖျားပြန်တက်လာလျှင် မာန်က မဆီမဆိုင် သကောင့်သားလေးကို စိတ်ပူနေရဦးမည် မဟုတ်ပါလား။ တစ်စုံတစ်ယောက်အပေါ် သံယောဇဉ် တွယ်နေမိသည်ကား အတော်ကလေး စိတ်ပင်ပန်းစေသည့် ဒုက္ခတစ်ခုပင်။ သို့သော် မာန်ကိုယ်တိုင်က ထိုဒုက္ခပင်လယ်ပြင်ထဲ လိုလိုလားလား ဒိုင်ပင်ထိုးဆင်းကာ မမောနိုင် မပန်းနိုင်ဖြင့် လက်ပစ်ကူးနေမိသည်ကား ခက်သည်။

"တော်သေးတယ် ..အဖျား ထပ်မတက်လာလို့။ လှိုင်းသံစဉ် ..မင်းက အရူးလား။ ငါ တံခါးပိတ်ထားလည်း အင်္ကျီကို လဲမှပေါ့။ မလဲတော့ ခု ဖျားပြီမလား။"

"ကိုရိပ်"

မာန်သည် ဒေါမနောသံဖြင့် ဆူပူသောအခါ မာန့်ကို ရှုတည်တည်နှင့် စူးစူးစိုက်စိုက် ကြည့်နေသည့် လှိုင်းသည် မာန့်နာမည်ကို တိုးညှင်းညှင်းခေါ်ကာ ရုတ်တရက် သိုင်းဖက်လာသဖြင့် မာန် ခါးကို အလိုလို မတ်လိုက်မိသည်။ သိုင်းဖက်လာပြီး စက္ကန့်ပိုင်းအတွင်း အခန်းထဲ လှိုင်း၏ ငိုရှိုက်သံက မင်းမူလာသည်။ ငိုရုံတင် ငိုနေသည်မျိုး မဟုတ်သည့် အညိုလုံးသည် ပါးစပ်မှလည်း တတွတ်တွတ် ပြောနေပါသေးသည်။

"ကျွန်တော် တောင်းပန်ပါတယ် ကိုရိပ်ရယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဗျာ။ နောက် ..နောက် ဒီလို ထပ်မဖြစ်စေရဘူး။ ကျွန်တော် ဆင်ခြင်ပါ့မယ်နော် ကိုရိပ် ..နော်။ တောင်းပန်ပါတယ် ..စိတ်မဆိုးပါနဲ့တော့နော် ..တကယ် တောင်းပန်ပါတယ် ..."

လမင်းခြေသံ { Completed }Where stories live. Discover now