☁ အခန်း ၁ ☁

170 23 0
                                    

ဆိုးလ်

ရှင်းဆာ ဘူတာရုံအနားမှာ တည်ရှိပြီး ဆိုးလ်မြို့တော်ကြီးထဲက ဒေသတစ်ခုဖြစ်တဲ့ဂမ်နမ်​က ကိုရီးယားနိုင်ငံရဲ့ အလုပ်အများဆုံးသော ကားလမ်းမကြီးတွေ၊ လမ်းဆုံတွေ တည်ရှိရာ နေရာဖြစ်ပါတယ်။ လမ်းမတွေကနေတဆင့် ဟန်မြစ်ကူးတံတားဖြစ်တဲ့ ဟမ်နမ်တံတားကို ဖြတ်သန်းမောင်းနှင်သွားမယ်ဆိုရင် ဂမ်နမ်မြို့ထဲကို ရောက်ရှိသွားမှာဖြစ်ပြီး ထိုမှ တစ်ဆင့် မြို့ငယ်တွေဆီ ဦးတည်နေတဲ့လမ်းမတွေအဖြစ် အသီးသီး ခွဲထွက်သွားကြတာပါ။ ဥပမာ - Nonhyeon၊ Cheongdam၊ Apgujeong အစရှိတဲ့မြို့တွေဆီ သွားတဲ့လမ်းတွေပေါ့... ကားလမ်းမကြီးတွေ ပိတ်တဲ့အခါမှာ ဒါရိုက်ဘာတွေက မီးပွိုင့်က အရောင်ပြောင်းလာတာကိုပဲ မိနစ်ပေါင်းများစွာ စိုက်ကြည့်ပြီး သူတို့အလှည့်ရောက်လာမှာကို အမြဲ စောင့်ကြည့်နေရတယ်။ အဲ့ဒါကြောင့် မင်း ဦးတည်ပြီး သွားနေတဲ့နေရာက ရှင်းဆာဘူတာရုံဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက မြေအောက်ရထားစီးတာပဲ...

ဒါပေမယ့် မင်း သွားချင်တဲ့နေရာက အထူးသဖြင့် ရှင်းဆာဘူတာရုံ ထွက်ပေါက် (၁)အနားက နေရာတစ်ခုဆိုရင်တော့ လမ်းကြောင်းက နည်းနည်းလေး ကွဲသွားပြီ။ ဥပမာအနေနဲ့ အခု HYBEလို့ လူသိများတဲ့ Big Hit Entertainment စတင်ရာ Cheongguအဆောက်အဦးဆီ သွားဖို့အတွက် ဖြစ်လာခဲ့မယ်ဆိုရင်ပေါ့...

ဆိုးလ်၊ ဂမ်နမ်မြို့နယ်၊ ဒိုဆန် (၁၆)လမ်း၊ 13-20 (Seoul, Gangnam-gu, Dosandaero 16-gil 13–20) ဒီလိပ်စာအတိုင်း သွားမယ်ဆိုရင်တောင် မင်းက ဂမ်နမ်မြို့ ဒါမှမဟုတ် ရှင်းဆာ ဘူတာရုံနားက လမ်းဆုံတွေနဲ့ မရင်းနှီးသေးဘူးဆိုရင် Cheonggu အဆောက်အဦးကို ရှာတွေ့ဖို့က သိပ်မလွယ်ကူဘူး။ KakaoMap Appအရတော့ ထွက်ပေါက် (၁)ကနေ အဆောက်အဦးထိကို 568မီတာ ဝေးတယ်တဲ့... ဒါပေမယ့်လည်း အဆောက်အဦးက မတ်စောက်တဲ့နေရာရဲ့ထိပ်ဆုံးမှာ ရှိနေတာဆိုတော့ အမြဲတမ်းနီးပါး အဆင်ပြေတဲ့မြေပုံကို ကြည့်ပြီး ပြောဖို့ကလည်း မဖြစ်နိုင်ဘူး။ မင်းသာ GPSစနစ် သုံးပြီး ကားမောင်းသွားခဲ့မယ်ဆိုရင်တော့ နည်းနည်းလေး အားထုတ်ပြီး ရှာကြည့်လိုက်တာနဲ့ Cheongguအဆောက်အဦးကို ရှာတွေ့လိမ့်မယ်။

"ကျွန်တော် လုံးဝလမ်းပျောက်သွားတာ..."

BTSအဖွဲ့ဝင် J-Hopeအဖြစ် ပွဲဦးမထွက်ခင် သုံးနှစ်အလိုက ဂျောင်ဟိုဆော့ရဲ့အဖြစ်အပျက်ပေါ့ဗျာ... 2010ခုနစ်၊ ဧပြီလမှာ Big Hit Entertainmentနဲ့ သင်တန်းသားအဖြစ် စာချုပ်ချုပ်ပြီးတော့ သူက သူ့မွေးရပ်မြေ ဂွမ်ဂျူမှာ လေ့ကျင့်ရာကနေ ကုမ္ပဏီက အမိန့်ပေးလာတော့ ဆိုးလ်မြို့၊ Cheonggu အဆောက်အဦးနားက Big Hit Entertainment သင်တန်းသားအဆောင်ကို ပြောင်းရွေ့နေထိုင်ခဲ့ရတယ်။ သူက 2010ခုနစ်၊ ဒီဇင်ဘာလ၊ 24ရက်နေ့မှာ အဆောင်ကို ရောက်ရှိခဲ့တာ...

"ကျွန်တော် အရမ်းကြောက်ခဲ့တာ... အဲ့နေ့က ခရစ္စမတ်နေ့ကြီးဆိုတော့ လမ်းတွေမှာ ပျော်ရွင် တက်ကြွနေကြတဲ့လူတွေနဲ့ အပြည့်ပဲ... ကျွန်တော် သွားဖို့ လမ်းကို လုံးဝရှာမရဘူး"

ဆိုးလ်မြို့ကြီးရဲ့မြေအောက်ရထားကို တစ်ခါမှ မစီးဖူးဘူး။ အလည်အပတ် သွားလာမှုအများဆုံးနေရာ ရှင်းဆာရဲ့ခရစ္စမတ်နေ့ကို တစ်ခါမှ မကြုံတွေ့ဖူးတဲ့လူလေ... အဲ့ဝန်းကျင်ပတ်လည်က အလည်အပတ်လာကြတဲ့ လူတွေနဲ့ အရမ်းကြပ်ပိတ်သိပ်နေလေ့ရှိတဲ့နေရာ... ဆိုးလ်မြို့ပေါ်မှာတောင် ခက်ခဲနေတာ... ရှာရခက်တဲ့အဆောင်ရဲ့တည်နေရာဆိုရင်တော့ J-Hopeအတွက် ​ခြိမ်းခြောက်နေသလိုပဲ... လူတွေ ကြပ်ပိတ်သိပ်နေတဲ့မြေအောက်ရထား စီးမလား။ မရင်းနှီးသေးတဲ့ ရှင်းဆာကို ဖြတ်သွားမလား။

"ကျွန်တော်လေ 'စိတ်ညစ်လိုက်တာ!'ဆိုပြီးတော့ပဲ တောက်လျောက်ပြောနေခဲ့တာ... နောက်ဆုံးတော့ A&Rက ခေါင်းဆောင်ကို 'ကျွန်တော် အဲ့ကို ဘယ်လိုလာခဲ့ရမလဲ'လို့ ဖုန်းဆက်လှမ်းမေးလိုက်ရတယ်။"

(A&R - Artists and Repertoire)

သူ ဖုန်းခေါ်ပြီးတော့ "တည့်တည့် ဆက်လာ... ပြီးတော့ ဟိုဘက်... ပြီးတော့ ဒီဘက်..."ဆိုပြီး ပြောလာတဲ့ တစ်ဖက်လူရဲ့စကားအတိုင်း လာခဲ့ရင်း နောက်ဆုံးတော့ အဆောင်ကို ရောက်သွားခဲ့တယ်။ အဲ့အချိန်က သူ ရှေ့​ဆက်လျောက်ရမယ့် အဆောင်သား ဘဝရဲ့အစပေါ့... သူ ဒါတွေကို ဆယ်နှစ်ကြာလာတာတောင် အခုအချိန်ထိ အထင်းသား မှတ်မိနေတုန်း... အဲ့နေ့တုန်းက သူ့ကို လန့်ဖြန့်သွားစေတဲ့ဖြစ်ရပ်မျိုးနဲ့လည်း သူ ကြုံခဲ့ရသေးတယ်။

"အဆောင်ရောက်တော့ အတွင်းခံတစ်ခုတည်း ဝတ်ထားတဲ့Suga Hyungကို မြင်လိုက်ရတာပဲ... ဟား ဟား... ဘေစင်မှာ စားပြီးသား ဝက်ခြေထောက်အရိုးတွေ၊ ကြမ်းပြင်ပေါ် ပြန့်ကျဲနေတဲ့ လျော်ရမယ့်အဝတ်တွေ... ပြီးတော့ အဆောင်ထဲက လူတိုင်းက အတွင်းခံပဲ ဝတ်ပြီး လျောက်သွားနေကြတာ... 'အဆောင်သားဘဝက ဒါမျိုးပဲ နေမယ်'လို့ ကျွန်တော် တွေးလိုက်မိသေးတယ်"

...

JOURNEY...Where stories live. Discover now