103

38 6 0
                                    

သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ
ဘာသာပြန် - အေးငြိမ်းကျော်
အခန်း- ၁၀၃
(မေးခွန်းသုံးခု)

ယန်တန့်က ခပ်ရေးရေးအပြုံးနှင့် တုံ့ပြန်သည်။ လက်ကို ပေါ့ပါးစွာပင် ဝေ့ယမ်းလိုက်၏။

“ဗျပ်စောင်းဆရာသခင် ယွဲ့ထန်... ဒီသုံးနှစ်အတွင်း မိုးကောင်းကင်အောက်မှာ မင်းရဲ့ နာမည်ကောင်းက ပျံ့နှံ့နေတာပဲ... အခုတော့ မင်းကိုငါမြင်ဖူးပြီ... ထူးကဲတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်... ကဲ လုပ်ရိုးလုပ်စဉ်တွေ လုပ်မနေနဲ့... မာယီ... ယွဲ့ဆရာသခင်ကို ထိုင်စရာနေရာပေးလိုက်...”

ထို့နောက်သူက ပလ္လင်စင်မြင့်ကို လက်ညှိုးညွှန်ပြလိုက်သည်။ မျက်နှာနီနီနှင့် တော်ဝင်အမှုတော်ထမ်းချုပ် မာယီသည် ငယ်ရွယ်သည့် ကုန်းကုန်းအချို့ကိုခေါ်လိုက်ပြီး ယန်တန့်လက်ညှိုးညွှန်ပြသည့် စင်မြင့်ဒုတိယထပ်တွင် အနက်ရောင် စားပွဲကျဉ်းတစ်ခုတင်လိုက်၏။ ထို့နောက်ယွဲ့ထန်အား လမ်းညွှန်လိုက်သည်။

ထို့နှင့် စားသောက်ပွဲကြီးစတော့သည်။ ယန်တန့်က ကောင်းကင်နှင့် ကမ္ဘာမြေအားတိုင်တည်လျက် ဂုဏ်ပြုအရက်နှစ်ခါသောက်လိုက်သည်။ ထို့နောက်တွင် အရေးပါသည့် ဝန်ကြီးများအားလုံးနှင့် အထက်တန်းလွှာများတို့  ရွှင်လန်းစွာ ရယ်မောလိုက်ကြသည်။ ဝူကျိ၏အနောက်မှ တေးဂီတပညာရှင်များက သာယာနာပျော်ဖွယ်တီးလုံးတစ်ခုကို သီမှုတ်လိုက်ကြပြီး မဟာခန်းမလေးဘက်လေးလံမှ မွှေးပျံ့သည့်ရနံ့များ ပျံ့လာကာ ခန်းမထဲသို့ ကချေသည်များ လိပ်ပြာလေးများလို ပြေးဝင်လာကြသည်။ လူတိုင်းက အချင်းချင်း အရက်တစ်ခွက်ပြီးတစ်ခွက် ဂုဏ်ပြုနေကြပြီး သဟဇာတဖြစ်လွန်းသည့် ဟန်ပန်ရှိလေသည်။

ကျင်းခယ်နှင့် အခြားလူများကဲ့သို့ အသက်အကြီးဆုံး၊ အတွေ့ကြုံအရှိဆုံး ဝန်ကြီးများနှင့် အထက်တန်းလွှာများထံမှ ဂုဏ်ပြုအရက်ကိုလက်ခံပြီးနောက် ယန်တန့်က မဟာခန်းမထဲမှ ထွက်သွားတော့သည်။ ထို့နောက် ကျင်းခယ်အပါအဝင် ဝါရင့်ဝန်ကြီးများ ထွက်သွားကြသည်။ သူတို့အားလုံးထွက်သွားကြသည့်အခါ နန်းတော်စားသောက်ပွဲ၏ ဧည့်ခံသူမှာ အိမ်ရှေ့စံယန်ချွီကျွင်းဖြစ်လာပြီး ခန်းမထဲမှအခြေအနေမှာလည်း ပို၍ပြေလျှော့သွားလေ၏။ ဝန်ကြီးများနှင့် အထက်တန်းလွှာအားလုံးတို့မှာ ယခုအေးအေးလူလူပုံမျိုးဖြင့် ဆွေးနွေးစကားစမြည်ပြောနေကြသည်။

သူခိုးတစ်ယောက်ရဲ့ဒဏ္ဍာရီWhere stories live. Discover now