အပိုင်း {၁၃} (UNICODE)

Start from the beginning
                                    

သို့ဖြစ်ပါ၍ လှိုင်း စာကို တစ်စိုက်မတ်မတ် လုပ်ပါမည် ဆိုမှ နွေရာသီ ကျောင်းပိတ်ရက် လွန်၍ ကျောင်းပြန်ဖွင့်ပြီး မကြာမီပင် ကျောင်းကောင်စီ ရွေးကြသည်။ ကျောင်းအုပ်ဆရာကြီးမှ ရွေးချယ်သော ကျောင်းကောင်စီများမှာ A ခန်းမှ ပိုင်မြတ်ဘုန်းသွင်နှင့် မာန်ရိပ်မော် ၊ B ခန်းမှ လှိုင်း ၊ C ခန်းမှ စွမ်းထက်နိုင် ၊ D ခန်းမှ ခန့်ကျော်နှင့် ကောင်းခန့် ၊ E ခန်းမှ သော်ဇင်တို့ ဖြစ်ကြသည်။ ထိုအထဲတွင် ဘုန်းသွင်က ကျောင်းကောင်စီ ခေါင်းဆောင် ဖြစ်ပြီး ကျန် ၅ ယောက်က ကျောင်းကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည်။

ထို ကျောင်းကောင်စီ ရွေးသည့် နေ့ကဆိုလျှင် လှိုင်း စိတ်တွေ ညစ်လိုက်တာ လွန်ရော ... ၈ တန်းမှာ အမှတ်ကောင်းပြီး ဒဂုံ (၁) ရောက်မှ လှိုင်းကို ကျောင်းထားပေးရုံသာမက အဖေတို့ကိုပါ လစဉ် ထောက်ပံ့ပေးနေသည့် ဦးသော်ကဘက်မှ လှိုင်းကို ကျောင်းထားပေးရကျိုးနပ်မှာ။ သူ စာဘက်မှာ လစ်ဟင်းသွားသဖြင့် ဦးသော်ကကို စိတ်ပျက်သွားစေမည့် အဖြစ်မျိုး လှိုင်း မဖြစ်ချင်။ မန္တလေးမှာ ရှိနေသော်လည်း ဒေါ်သူဇာဝင်းမှတစ်ဆင့် သားအရင်းဖြစ်သည့် မာန့်နည်းတူ အရာရာ ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးထားသည့် ဦးသော်ကကို ကျေးဇူးတင်လွန်းသဖြင့် ထိုကျေးဇူးကို အပြောနှင့် မဟုတ်ဘဲ လက်တွေ့ ကျေးဇူးဆပ်ချင်သည်။

သို့သော် ခက်သည်ကား ကျောင်းအုပ်ဆရာကြီး၏ ရာဇသံပင်။ ငြင်းဆန်၍ မရနိုင်သော ထိုဆုံးဖြတ်ချက်ကြောင့် ကျောင်းကောင်စီ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် လှိုင်း နေ့စဉ်နေ့တိုင်း မုန့်စားကျောင်းတက်သည်နှင့် ကျောင်းတစ်ပတ် ပတ်ကာ သန့်ရှင်းရေး လိုက်လံ စစ်ဆေးပြီး စာရင်းပြုစုရသည်။ ယခုလည်း မကြာမီ ရောက်ရှိလာတော့မည့် ကထိန်အတွက် တစ်တန်းဝင် တစ်တန်းထွက်ကာ အလှူငွေ လိုက်ကောက်ရဦးမည်။

လှိုင်း အခန်းထဲမှ ထွက်လာသောအခါ ဖလားကိုယ်စီနှင့် ကျန်သည့် ကျောင်းကောင်စီ ၅ ယောက်က အဆင်သင့် စောင့်နေကြသည်။

"ကြာလိုက်တာ လှိုင်းရာ။"

စိတ်မရှည်သလို ပြောလာသူကား D ခန်းမှ ကောင်းခန့်။ လှိုင်း ဘုန်းသွင်တို့နှင့် ခင်ပြီးနောက်ပိုင်း ပေါင်းသင်းဆက်ဆံရေးမှာ ယခင်ကထက်စာလျှင် အတော် တိုးတက်လာသည် ဆိုရမည်။ ဤသည်မှာလည်း ဘုန်းသွင်၏ ကျေးဇူးကြောင့်သာ ဖြစ်သည် ... အနေအေးသော်လည်း ဘုန်းသွင်က လှိုင်းကို အစစ အရာရာ ဖေးမကာ လူတောတိုးအောင် တစ်ဖက်တစ်လမ်းမှ ကူညီပေးတတ်သည်။ ကျောင်းကောင်စီ အဖွဲ့ဝင် ဖြစ်လာသောအခါ၌လည်း တခြားအတန်းမှ ကျောင်းကောင်စီအဖွဲ့ဝင်များနှင့် ကြားမှ ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ကာ မိတ်ဆက်ပေးသေးသည်။

လမင်းခြေသံ { Completed }Where stories live. Discover now