ရှဲ့ကျောက် သူမ စားသောက်နေသည်ကို စိတ်အားထက်သန်စွာကြည့်ပြီး တံတွေးတွေ ထွက်လာ၏။ သူ့ကို မပေးမှာ စိုးရိမ်သဖြင့် ချွဲနွဲ့ရန် သူမ၏ စကတ်ထောင့်ကို ဆွဲလိုက်သည်။

"တတိယအဒေါ်...တတိယအဒေါ်...တစ်ကိုက်ပေးမလားဟင်... တစ်ကိုက်ပဲလေနော်"

ကျန်းရှုယောင် သူ့ကို ဤကဲ့သို့ပုံစံဖြင့် မြင်သောအခါ မပြုံးဘဲ မနေနိုင်။

"အစကတည်းက မင်းအတွက် လုပ်ထားတာလေကွယ်"

သူမက မုန့်ဖုတ်ဗန်းကို စားပွဲပေါ်တင်ကာ ကြက်ဥမုန့်တစ်ခုကို ကောက်ယူကာ ရှဲ့ကျောက်အား ပေးလိုက်သည်။

"သတိထားနော်"

ရှဲ့ကျောက် ယူရန် မစောင့်နိုင်တော့ပေ။ ကျန်းရှုယောင်က ရှဲ့ယောင်ကို တစ်ခုပေးခဲ့ပြီး ရှဲ့ယောင်က ၎င်းကိုမယူမီ တိတ်တဆိတ် ကျေးဇူးတင်စကားပြောခဲ့သည်။

ရှဲ့ကျောက်က ကျန်းရှုယောင်  ကြက်ဥမုန့်လုပ်နေသည်ကို တစ်ချိန်လုံးကြည့်နေသောကြောင့် ယခုလိုမျိုးကြိုးစားပြီး စိတ်ဝင်စားစရာကောင်းသည့် မုန့်ဖုတ်နည်းနှင့် ပြုလုပ်ထားသော ကြက်ဥမုန့်များက မယုံနိုင်လောက်အောင်ကို စားချင်စရာကောင်းသည်ဟု ခံစားခဲ့ရ၏။ သူက အလွန်အင်မတန် ဂရုတစိုက် မြည်းစမ်းကြည့်ခဲ့သည်။

သူက အရင်ဆုံး  အကိုက်သေးသေးလေးကိုက်ပြီး အပေါ်မှ မုန့်ကြွပ်အလွှာ၏ အပြင်ဘက်အလွှာကို ကိုက်လိုက်သည်။ကြွပ်ရွလွန်း၍ သူ့သွားများနှင့် ထိလိုက်ရုံဖြင့်ကျိုးကြေသွားသည်။ ဝါးသောအခါတွင် ချိုမြိန်မှု အရိပ်အမြွက်နှင့် ပေါ့ပါးပြီး ဆီအနံ့ချိုချိုတို့ရှိသည်။

မုန့်ကြွပ်က အလွန်အရသာရှိပြီး ရှဲ့ကျောက်  ဝမ်းသာအားရ မျက်လုံးလေးမှေးကာ နောက်တစ်ကြိမ် ထပ်ကိုက်၏။

ဤတစ်ခါတွင် အတွင်းထဲထိ ကိုက်မိသွားသည်။ လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ကြက်ဥမုန့်၏ဌာပနာက အလွန်ပူသော်လည်း အပူချိန်ကြောင့် အတွင်းသားက နူးညံ့ပြီး ချိုမြိန်နေ သည်။ ချိုမြသော နို့အရသာက ပါးစပ်ထဲတွင် အရည်ပျော်သွားသည်။ စိုစွတ်ပြီး ပျော့ပျောင်း၏၊ ချိုသည် သို့ပေမဲ့ ဆီမများပေ။

ခေတ်ဟောင်းရောက် Foodie တစ်ယောက်၏ ရှင်သန်ခြင်းWhere stories live. Discover now