အပိုင်း {၁၁} (UNICODE)

Start from the beginning
                                    

"ကိုရိပ်က လိမ္မာပါတယ်။ နောက်နေ့မှ ဆက်ကြည့်ဗျာ နော်။"

"ဟာ လာနေပြီ ... သရဲမ ထွက်လာတော့မယ် ထင်တယ်။"

မာန်က လှိုင်း၏ စကားကို ကြားပုံ မပေါ်။ တီဗီကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေရင်းမှ မာန်က အလန့်တကြား အော်ကာ လှိုင်း၏ နောက်သို့ အတင်းဝင်တိုးသည်။ မာန်ရိပ်မော်ဆိုသည်မှာ သရဲကား မကြည့်ရဲသည့် သရဲကား နှစ်ခြိုက်လွန်းသူ ဖြစ်၏။

"သွားပြီလား ပုတက်။"

"အင်း မရှိတော့ဘူး။ ပျောက်သွားပြီ ကိုရိပ်။"

'ပုတက်' ဆိုသည့် အခေါ်အဝေါ်၌ နေသားကျနေပြီ ဖြစ်သော လှိုင်းမှာ သူ့နောက်ရှိ မာန့်ကို ခေါင်းငဲ့ကြည့်နေရင်း ပြန်ဖြေလာသည်။ ထိုအခါမှ လှိုင်းနောက် ကွယ်နေရင်း တီဗီကို မရဲတရဲ လှမ်းကြည့်သည်။

"သေမလိုပဲ။ သရဲမကလည်း ကြောက်ဖို့ ကောင်းလိုက်တာ။"

"ဒါဆိုလည်း မကြည့်နဲ့တော့လေဗျာ။"

ရယ်သံစွက်ရင်း လှိုင်းက ပြောတော့ မာန့်၏ လက်ဝါးက အနီးစပ်ဆုံး ရှိနေသည့် လှိုင်း၏ ကျောပြင်သို့ သနားညှာတာမှု ကင်းမဲ့စွာ သက်ဆင်းတော့သည်။ နာကျင်မှုက ကျောကော့သွားစေသည်အထိ အားပြင်းသော်လည်း လှိုင်းကမူ ရှေးမူမပျက် ခပ်ရေးရေးသာ ပြုံးနေသည်။ မာန့်ပုံစံကလည်း ရုပ်ရှင် မပြီးမချင်း အိပ်မည့်ဟန် မပေါ်သောကြောင့် လှိုင်းလည်း ဘာမှ ထပ်မပြောတော့ဘဲ မာန့်အနား၌သာ ထိုင်ရင်း တီဗီလိုက်ကြည့်ပေးနေလိုက်သည်။ လှိုင်းအတွက် မာန် စိတ်ချမ်းသာဖို့သာ အရေးကြီးသည်လေ။

"ကျွန်တော် ဖန်ခွက် သွားဆေးလိုက်ဦးမယ် ကိုရိပ်။"

"မသွားနဲ့။ ငြိမ်ငြိမ်ထိုင်စမ်း။"

မာန်က လှိုင်း ယူလာသည့် နွားနို့ကို ကုန်အောင် သောက်ပြီးသောအခါ ဖန်ခွက်သွားဆေးမည်ဟု လှိုင်းက အသိပေးလိုက်ရာ မာန်သည် လှိုင်းကို သူ၏ ခြေတံရှည်များဖြင့် ခါးနေရာမှ ခွဖက်ထားသည်။

"ပြီးရောဗျာ။ သဘောပဲ ကိုရိပ်ရယ်။"

လှိုင်းလည်း ငြိမ်သက်စွာဖြင့် ထိုင်နေရတော့သည်။ လှုပ်ရှား၍ မရသည့် အခြေအနေ၌ မာန်က မကြာ မကြာ လှိုင်း၏ ကျောကို ကွယ်ကာ တီဗီထဲမှ သရဲမအား ချောင်းချောင်းကြည့်တတ်သေးသည်။ မာန့်ကို ကျေးဇူးတင်ရမည်ကား သရဲကား ကြည့်လျှင် အာပြဲနှင့် အော်တတ်သည့် အကျင့် မရှိသည်ကိုပင်။ မဟုတ်လျှင် ညဘက်မှ သရဲကား ကြည့်တတ်သည့် မာန့်ကြောင့် ဦးမင်းဉာဏ်တို့ အိပ်လို့ ရမည် မဟုတ်။

လမင်းခြေသံ { Completed }Where stories live. Discover now