(၅) S အဆင့်စွမ်းရည်

Start from the beginning
                                    


သူမက အသံလာရာသို့ ကြည့်လိုက်သည့်အခါ နှစ်ဆယ့်ငါးနှစ်ဝန်းကျင်ရှိ လူငယ်လေးတစ်ယောက်က သုံးမီတာအဝေးခန့်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။


သူ၏ အသွင်အပြင်က ထင်ရှားပြီး မျက်လုံးနက်နက်များနှင့် နှာတံမြင့်မြင့်ရှိသည်။ သူ၏ ဘယ်ဘက်လက်ထဲတွင် ဝန်းဝိုင်းသည့် ဒိုင်းကာတစ်ခု ကိုင်ထားပြီး ညာဘက်လက်ထဲ၌ မီတာဝက်ရှည်လျားသည့် သစ်သားချောင်းတစ်ခု ရှိကာ သူ၏ ကျောဘက်တွင် ကျောပိုးအိတ်တစ်လုံး လွယ်ထားသည်။ သူ့ကို ကြည့်ရသည်မှာ ခုခံကာကွယ်မှုနှင့် တိုက်ခိုက်ရေးစွမ်းအား နှစ်ခုလုံးဖြင့် ပြည့်စုံနေသည်။


ဒိုင်းကာ!


ယွင်လင်၏ အကြည့်များက ဒိုင်းပေါ်တွင် ကျရောက်သွားပြီး သည်းမခံနိုင်တော့ဘဲ အဝေးသို့ ထွက်သွားချင်ခဲ့သည်။


ဂိမ်း၏ အစောပိုင်း ကတ်မိုးရွာချိန်၌ အသုံးအဆောင်နှင့် စကေးလ်နှစ်မျိုးလုံး ပါဝင်သော်လည်း အသုံးအဆောင်ပါဝင်မှုနှုန်းက အလွန် နည်းပါးလှသည်။


လမ်းတလျှောက်တွင် သူမက ကတ်ငါးဆယ်လောက် စစ်ဆေးကြည့်ခဲ့သော်လည်း အသုံးအဆောင်ကတ် နှစ်ကတ်သာလျှင် ရှာတွေ့ခဲ့သည်။ တစ်ခုက ပိတ်ဖိနပ်ဖြစ်ပြီး နောက်တစ်ခုမှာ သစ်သားလေးနှင့် မြားကျည်တောက် ဖြစ်သည်။


ရိုးရိုးသားသား ပြောရလျှင် သူမက အနီးကပ်တိုက်ပွဲများနှင့် ပို၍ အကျွမ်းဝင်ပေသည်။ လေးကို အသုံးပြု၍ အဝေးမှ တိုက်ခိုက်မှုမှာ သူမအတွက် ရင်းနှီးခြင်းမရှိပေ။


သူမ လေးနှင့်မြားကို သယ်ဆောင်လာရသည့် အကြောင်းပြချက်မှာ ဂိမ်းအစောပိုင်းအဆင့်တွင် အသုံးအဆောင်ပစ္စည်းများက ရှားပါးသောကြောင့် ဖြစ်သည်။ သူမက အသုံးမပြုနိုင်လျှင်ပင် နယ်မြေသို့ ပြန်ရောက်ပြီးနောက် အခြားလူများကို ရောင်းချ၍ ရနိုင်ပေသည်။

"အတူတူကြိုးစားကြည့်ချင်လို့လား။" ယွင်လင်က မေးလိုက်သည်။


ထိုသူက ပြောလိုက်၏။ "မှင်စာတွေရဲ့ အာရုံကို မြားနဲ့ပစ်ပြီး ဆွဲဆောင်လိုက်ရင် သူတို့ကို ဒီနေရာဆီ မျှားခေါ်လာပြီး တစ်ကောင်ချင်း သတ်ပစ်လို့ရတယ်။"

ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)Where stories live. Discover now