" ဟင်း...နင်သာ ဒီမှာ အဖြစ်ရှိအောင် လုပ်စမ်းပါ အရူးရဲ့ "

တစ်ယောက်နှင့် တစ်ယောက် စကားပြောဆိုပုံများကို ခန့်မှန်းမိသလောက် နှစ်ဦးသားသည် အလွန်ရင်းနှီးသည့် ဆက်ဆံရေးပင် ဖြစ်ရမည် ။ မိန်းမပျိုသည် တစ်ဖက်လူကို ခနဲ့ပြီးနောက် ဖိနပ်နှင့် ကြမ်းပြင် ခပ်ပြင်းပြင်း ရိုက်သံနှင့်အတူ အိမ်ထဲမှ ထွက်သွားဟန်တူသည် ။ ဧကရီ ရောက်လာ၍ သူတို့၏စကားဝိုင်း ပြတ်တောက်သွားရလေသလားဟု ဧကရီ တွေးလိုက်မိသေး၏ ။

" ဂျောက်... "

အခန်းတံခါးဖွင့်လိုက်သံကြောင့် ဧကရီ အနောက်သို့ လှည့်ကြည့်လိုက်မိသည် ။ အခန်းထဲသို့ ခေါင်းပြူ၍ ကြည့်လာသော ထိုလူက ဧကရီနှင့် မျက်လုံးချင်း ဆုံလျှင် ချက်ချင်း ပြုံးပြလေသည် ။ သို့သော် ဧကရီသည် မည်သို့မျှ ပြန်လည် တုံ့ပြန်ခြင်း မရှိဘဲ ခေါင်းကို အရှေ့သို့ ပြန်လှည့်၍ အပေါ်ထပ် ဝတ်ရုံ၏ကြယ်သီးကို ဖြုတ်ကာ ဝတ်ရုံကို ထက်ပိုင်းချိုး ခေါက်၍ ဘေးဘက်သို့ လှမ်းတင်လိုက်သည် ။ အကြောင်းပြချက် မရှိဘဲ သာမန်ကဲ့သို့ ထိုလူ့ကို ပြန်လည် ပြုံးပြချင်စိတ်သည် ဧကရီ့ထံတွင် ရှိမနေ ။ အလုပ်က ပင်ပန်းလာတာကြောင့်လား...ဘာရယ်ကြောင့် မသိ မျက်နှာသည် သိသိသာသာ ညှိုးကျနေသည် ။ ထိုတွင် အခန်းအတွင်းပိုင်းသို့ လုံးလုံးလျားလျား ရောက်လာသည့် သူက အနောက်ဘက်ကနေ လက်တစ်ဖက်ဖြင့် ဧကရီ၏ခါးကို ဆွဲဖက်ပြီးလျှင် ဧကရီ၏ပါးကို ရွှတ်ခနဲ နမ်းလိုက်လေသည် ။ ထိုလူ၏ အပြုအမူတိုင်းတွင် အငိုက်မိတတ်သည့် ဧကရီသည် ယခုအချိန်အထိ သတိမရှိတတ်သေးပေ ။ ထို့ကြောင့် ရုတ်တရက် ထိတ်သွားသည့် ရင်ဘတ်နှင့်အတူ ပခုံးများပါ မသိမသာ မြောက်တက်သွားရလေ၏ ။

" ကိုယ့်ကို စိတ်ဆိုးနေတာလား အချစ်လေး "

" ဟင့်အင်း မဟုတ်ပါဘူး ။ ကျွန်မက ဘာကို စိတ်ဆိုးရမှာတဲ့လဲ "

" ဒါဆို ဘာလို့ မျက်နှာက မကောင်းဖြစ်နေရတာလဲ ။ ဘယ်သူနဲ့ အဆင်မပြေခဲ့လို့လဲ "

ထိုတွင် စဥ်းစားမိသည်က ထိုလူ့ဘေးတွင် ဤကဲ့သို့ ပြိုင်စံရှားလှသည့် အလှမျိုးနှင့် မိန်းမပျိုများ ဝိုင်းနေနိုင်ရက်နှင့် ထိုလူက ဘာကြောင့် ဧကရီ့အနားတွင် ရှိနေရသနည်း ။ သူ၏ခန့်ညားမှုနှင့် ဧကရီ့ထက် အဆပေါင်းများစွာ သာလွန်သည့် မိန်းမငယ်များကို ကျော်လွန်၍ မည်သည့်အကြောင်းကြောင့် ဧကရီ့ကိုပဲ ရွေးချယ်ထားရသနည်း ။ အကြောင်းပြချက်တစ်ခုခုကြောင့် အသုံးချခံနေရသည်ဆိုလျှင်လည်း ဧကရီ မည်သူနှင့်မျှ ရန်ညှိုးရန်စ မရှိခဲ့ဖူးပါ ။ သို့ရာတွင် ယခုအချိန်အထိ သူ့ကို ပြန်မနှစ်သက်ပေးနိုင်သော သာမန်အညာတရ မိန်းကလေးတစ်ယောက်ဖြစ်သည့် ဧကရီ့ကို တွယ်တာနေစရာအကြောင်းမှာ အခြားရည်ရွယ်ချက် မရှိနေခြင်းက မဖြစ်တန်ရာ ။

LS : AMITYWhere stories live. Discover now