မေကုန်းချင်

Start from the beginning
                                    

ချန်ရုံက ချန်အိမ်တော်၏ တစ်ဦးတည်းသော သခင်မလေး ဖြစ်သည့်အပြင် လမ်းခရီး၌ ကောင်းကျိုးများ ဆောင်ရွက်ခဲ့သောကြောင့် ချန်ရုံသည် ရထားလုံးများ၊ လှည်းယာဉ်များနှင့် အတူ သင်္ဘောအကြီး၌ လိုက်ပါခွင့်ရသွားသည်။

နေ့တစ်ဝက်လုံးလုံး ဆူညံပွက်လောရိုက်နေကြ၍ မွန်းတည့်ချိန်မှသာ သင်္ဘောများသည် စတင်ထွက်ခွာနိုင်တော့သည်။

ကြီးမားသော လှိုင်းလုံးများကြား၌ သင်္ဘောအသေးပေါ်မှလူများသည် ဘေးကင်းသော ရေလမ်းခရီးဖြစ်စေရန် ဆုတောင်းနေကြသည်ကို ချန်ရုံတွေ့လိုက်ရသည်။

လူတိုင်းအတွက် ကံကြမ္မာကလည်း မျက်နှာသာပေးခဲ့ပါသည်။ အဖွဲ့၏ ရေလမ်းခရီးသည် အလွန်ပင် အေးချမ်းခဲ့သည်။ ထိုသည်မှာလည်း အံ့ဩဖွယ်တော့မဟုတ်ပါ။ အလယ်ပိုင်းလွင်ပြင်ဒေသများက မိုးခေါင်မှုနှင့် ကြုံနေရသည် မဟုတ်လား။ ထိုသို့ မဟုတ်လျှင်တော့ မြစ်ထဲ၌ မုန်တိုင်းနှင့် တိုးကာ ကြီးမားသော အန္တရာယ်ရှိသွားနိုင်သည်။

သင်္ဘောတန်းရှည်ကြီးသည် မြစ်တစ်ဖက်ကမ်းသို့ တရွေ့ရွေ့သွားနေတော့သည်။

အချိန်သည် ကြာမြင့်သည်ဟု ခံစားရသော်လည်း တကယ်တမ်းက ခဏသာဖြစ်ပါသည်။

"ကမ်းကိုမြင်နေရပြီ...ကမ်းကိုမြင်နေရပြီ..."

ချန်ရုံက ရထားလုံးပေါ်၌ ထိုင်နေချိန်တွင် အော်ဟစ်သံများ အများအပြားကို ကြားလိုက်ရသည်။

နာရီဝက်ခန့်ကြာပြီးသောအခါ အံ့ဩသည့်လေသံဖြင့် အသံတစ်ခုထွက်လာသည်။

"ဟေး မြစ်တစ်ဖက်ကမ်းက မည်းမည်းအရိပ်တွေက ဘာတွေလဲ...လူတွေလား...ဒါမှမဟုတ် ငါတို့ရဲ့အိမ်တော်က လူလွှတ်ပြီး ငါတို့ကို စောင့်ခိုင်းထားတာလား..."

လူများက တစ်ပြိုင်နက်မော့ကြည့်လိုက်ကြကာ စကားပြောသံများက လေထုထဲ၌ ပြည့်သွားသည်။ ထိုပျော်ရွှင်စွာ အော်ဟစ်သံများကြားတွင် ချန်ရုံ၏ မျက်နှာကတော့ တည်ငြိမ်လျက်ပင် ရှိသည်။

အပြင်မှ ဩဘာသံများရပ်သွားသောအခါတွင်မှ ဝမ်ဝူလန်၏ အမောတကောခေါ်သံကို ချန်ရုံကြားလိုက်ရသည်။

မေကုန်းချင်Where stories live. Discover now