အားပြင်းသည့်ကန်ချက်ကြောင့် လူလေးဦးလုံး  ပေသုံးဆယ်လွင့်ထွက်သွားသည်။ မြေပေါ်သို့ မြဲမြံစွာသက်ဆင်းနိုင်ပေရာ ကောင်းမွန်သည့် ခန္ဓာကိုယ်ပဲ့ကိုင်နည်းစဉ် တစ်ခုတော့ သူတို့လေ့လာထားကြပုံပေါ်၏။ သို့သော်လည်း သူတို့သည် ထူးထူးဆန်းဆန်းအမူအရာဖြင့် ဂွကြားကို ဖိကိုင်ထားကြလေသည်။ သူတို့၏ ဒူးများကွေးလျက်၊ သူတို့ကျောမှာ တောင့်တင်းလျက်၊ ပါးစပ်များမှ တရှူးရှူးအသံများထွက်ကာ အသက်ကိုခပ်ပြတ်ပြတ်ရှူနေကြသည်။ ဝူကျိအား ထူးဆန်းသော အကြည့်တစ်ခုဖြင့် သူတို့ကြည့်နေကြလေသည်။ ဖြည်းဖြည်းချင်း သူတို့မျက်လုံးများက ပြူးကျယ်ထွက်တော့မယောင် ထင်ရပ၏။

ပစ်မှတ်ကိုလွဲသွားသည့် ဓားအလင်းတန်းများသည် ယခုဝူကျိ၏ခေါင်းပေါ်တွင် ဦးတည်ရာမဲ့ကာ ရပ်တန့်လွင့်မျောနေသည်။ လက်ကိုဆန့်လျက် အဆင့်နိမ့်ဓားပျံလေးခုလုံးကို ဝူကျိ ဆွဲယူကာ ခပ်တည်တည်ပင် သိုလှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်၏။ မျက်နှာများ တဖြည်းဖြည်းဖြူဖျော့လာကြသည့် လူငယ်လေးဦးကို စာနာမှုမရှိဘဲ သူလှည့်ကြည့်သည်။ ထို့နောက် သူက နူးညံ့ညင်သာစွာဖြင့်

“အရမ်းကြီးနာနေရင်လည်း အော်လိုက်ပါလား… အရေးကြီးအစိတ်အပိုင်လေးကို ကျွန်တော်ကန်လိုက်လို့ နာနေမှန်းသိပါတယ်… ကျွန်တော်တို့က တစ်ဂိုဏ်းထဲသားတွေပဲကို… ကျွန်တော်မရယ်ဘူး… အော်ချင်ရင် အော်လိုက်ဗျ…”

တိမ်ထူထူကောင်းကင်ပေါ်တွင် သနားစရာ အသံနက်ကြီးများက ပဲ့တင်ထွက်သွားတော့သည်။ လူငယ်လေးယောက် ဂွကြားကိုကိုင်လျက် မြေပေါ်၌ လူးလှိမ့်ရုန်းကန်နေကြသည်။ သူတို့၏ မျက်နှာများက အနီရောင်ပြောင်းလိုက် ခရမ်းရောင်ပြောင်းလိုက်နှင့် တစ်ကိုယ်လုံးမှာလည်း ချွေးစေးများကျနေသည်။ သူတို့ဘေးမှ ဖြတ်လျှောက်လျက် ကျောက်ချပ်ခင်းလမ်းတစ်လျှောက် ဝူကျိ တက်သွားတော့သည်။ စောနက ကန်ချက်တွင် သူအားသိပ်မထည့်ခဲ့ချေ။ အများဆုံး လူငယ်လေးယောက်မှာ ရက်အနည်းငယ်ခန့်သာ ညီလေး ရောင်ကိုင်းနေလိမ့်မည်ဖြစ်သည်။ သတ်သတ်လုံး ထိုအတိုင်း ဖြစ်နေလိမ့်မည်မဟုတ်ချေ၊ ယခုတော့ တော်တော်လေးကို နာလိမ့်မည်။

သူခိုးတစ်ယောက်ရဲ့ဒဏ္ဍာရီWhere stories live. Discover now