|Unicode|
ကောင်းကင်သည် အပြာရောင်တောက်တောက်လွှမ်းခြုံထားပြီး တိမ်ဟူ၍ တစ်မျှင်ပင်မရှိ။ ပုံမှန်ဆိုလျှင် နေပူသော နေ့လည်ခင်းများ၌ အိမ်၌ပင် နေလေ့ရှိကြသော်လည်း ယနေ့တွင်တော့ စောယုယထိုက်နှင့် မုန်းမြတ်နွယ်တို့ ပန်းချီပြပွဲတစ်ခုသို့ရောက်ရှိနေကြသည်။
"စောယု စောယု ဒီကိုခနလာ"
အနည်းငယ် အလန့်တကြားလေသံဖြင့်ခေါ်လိုက်သံကြောင့် ခပ်လှမ်းလှမ်းနေရာ၌ ရှိနေသော စောယုယထိုက်မှာ မုန်းမြတ်နွယ်အနား အမြန်ရောက်လာတော့သည်။
"ဒါကိုကြည့်လိုက်"
သူမ၏ ရှေ့၌ ရှိနေသော ပန်းချီကားအား ညွှန်ပြရင်းပြောသည်။ ထိုပန်းချီကားမှာ မြင်ကွင်းကရှင်းလင်းမနေဘဲ ဝေဝေဝါးဝါးနိုင်လှသည်။ မိန်းကလေးတစ်ယောက်၏ နောက်ကျောပြင်ကိုမှ ရှေးခေတ်အငွေ့အသက်ရစေသည်။
"အဲဒါဘာဖြစ်လို့"
"နင်ဒီပုံကို တစ်နေရာမှာမြင်ဖူးနေသလို မခံစားရဘူးလား"
စောယုယထိုက် ခေါင်းခါပြလိုက်သည်။ မှတ်ဉာဏ်တို့အား အလုပ်ပေးရင်း ဘယ်ပန်းချီဆရာ၏ လက်ရာပြပွဲ၌မြင်ဖူးသလဲ ပြန်စဥ်းစားနေလေသည်။
"သေချာစဥ်းစားကြည့်"
"အာ..ငါသတိရပြီ သတိရပြီ၊ နင့်ရဲ့ပုံဆွဲစာအုပ်မှာဆွဲထားတာ၊ ဟုတ်တယ်မလား နင့်ရဲ့အိပ်မက်လေ"
မုန်းမြတ်နွယ်ခေါင်းငြိမ့်ပြရင်း ပန်းချီကားအား ဖွဖွလေးထိရင်း ဆက်ပြောသည်။
"အင်း ငါ့အိပ်မက်ထဲမှာလည်း ဒီလိုပုံစံတထရာထဲ တွေ့ဖူးတယ်"
"ပန်းချီဆွဲတဲ့သူနာမည်လည်း မပါဘူး၊ ဘယ်လိုဆက်သွယ်ရမှန်းလည်း မပါဘူးရော"
"နင်ခနစောင့်အုံး၊ ငါပြခန်းတာဝန်ခံကို သွားခေါ်လိုက်အုံးမယ်"
ခေါင်းငြိမ့်ပြရင်း မုန်းမြတ်နွယ် ခပ်တိုးတိုးရေရွတ်လိုက်သည်။
"တျာမယ့်စန္ဒီတဲ့၊ ဒီပုံထဲကအမျိုးသမီးနာမည်လား"
ခနကြာပြီးနောက် ပြခန်းတာဝန်ခံအစ်မနှင့် စောယုယထိုက်တို့ ပြန်ရောက်လာသည်။