မုန်း၍ဖြင့် မနေရစ်စေလို_(၁)

Start from the beginning
                                    

        "‌ဗျို့ ကားဆရာ အကိုကြီး။သီချင်းပြောင်းပေးအုန်းဗျ...ဟဲလို့ ကောင်းမယ့်ဟာလေးတွေဆိုရင်တော့ ပိုအဆင်ပြေတယ်ဗျို့"

         နောက်ခန်းမှ လူများ၏ အသံကြောင့်သူမ၏ ပျော့ခွေနေသည့် ကိုယ်ကလေးသည် တွန့်ခနဲဖြစ်သွားသည်။တစ်ချိန်တည်းမှာပင် ကားဆရာနှင့် စပယ်ရာဖြစ်သူဆီသို့ မျက်လုံးများပို့လျှက်ပြီးသားဖြစ်သွား၏။သီချင်လေးညည်းရင်း လိုက်ရလျှင်တော့ အမူး သက်သာလိမ့်မည်ဟု ထင်သည်။မြေနီလမ်းသီချင်းကို စ၍ နားထောင်ခဲ့တုန်းက သီချင်းစာသားများကို လိုက်ဆိုရင်း ကားမူးသက်သာနေခဲ့သေးသည်မဟုတ်ပါလား။

       "မသိလို့မေးပါရစေအုန်း...🎶ခဏလေးအတွက်ချစ်ခဲ့တာလား မောင်လိုလူ အညတရကို အပျော်သဘောနဲ့တွဲခဲ့တာလား.....🎶"

        ဆောင်းဘောက်စ်မှ အသံထွက်လာသည်နှင့်တစ်ပြိုင်နက် ကားတွင်းမှ ခရီးသည်များဆီမှ 'ဟေး' ခနဲ ညာသံများ တစ်ပြိုင်နက်ထွက်ပေါ်လာကြသည်။ဘေးမှ မိန်းကလေးအုပ်စုကတော့ 'ဟင်း' ဟု သံပြိုင်အော်လိုက်ကြကာ ဘာသီချင်းဖွင့်၊ညာသီချင်းဖွင့်၊ဘယ်သီချင်းကြီး မကြိုက်ဘူး၊ညာသီချင်းကြီး မကြိုက်ဘူးဟု ဆိုကာ စက်ကိုင်ဆရာကို ကွန်ပလိန်းတွေအတင်းတက်နေကြသည်။အနောက်က ယောက်ျားလေးပရိတ်သတ်များကလည်း လက်မခံ။'ငါတို့က‌တော့ သဟာအောင်မှ သဟာအောင်ပဲဟေ့'ဟု တစ်‌ယောက်တစ်ပေါက်အော်ဟစ်လိုက်ကြပြီး၎င်းတို့၏ စိတ်သဘောကို အတိအလင်း ကြေညာလိုက်သည်။အပျိုတစ်စုနှင့် လူပျိုတစ်စု ..... ကြည့်လို့တော့ ခပ်ကောင်းကောင်းပင်။အခြားသော လူကြီးနှင့်လူလတ် ခရီးသည်များကတော့ ၎င်းတို့နှစ်ဖွဲ့ကိုကြည့်၍ သဘောတွေအကျကြီးကျနေကြသည်။သူမသည်လည်း သူတို့နှစ်ဖွဲ့၏ အခေါ်အလှော်ဖြစ်နေကြသည့်ပုံကို ကြည့်နေ‌တာပါပဲ။စိတ်ပျက်‌သည့် မျက်လုံးများနှင့် ကြည့်‌နေခဲ့သည်မို့လို့သာ အခြားသောဆိုတဲ့ လူအုပ်စုထဲမှာ မပါခဲ့တာဖြစ်သည်။သူမသည် နားနှစ်ဖက်ကို နားကြပ်တပ်၍ ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်နေလိုက်သည်။
      နာရီအနည်းငယ်ကြာပြီးနောက် ခုဏက ဆူညံနေခဲ့သော စစ်ပွဲသည် တိတ်ဆိတ် ငြိမ်သက်သွားသည်။ဘာ‌‌ကြောင့်မှန်းမသိ သီချင်းဖွင့်သံ မကြားရတော့။သူမသည်လည်း လေးကြိမ်မြောက် အန်ပြီးသွားခဲ့ပြီဖြစ်သည်။လူက နွမ်းလျ၍ ချိနဲ့‌နေကာ အားအင်များ ကုန်ခမ်းနေသည်။ဗိုက်ထဲတွင် အစာကုန်သလောက်ရှိနေပြီဖြစ်၍ မူးသည့်ဒဏ်ကို ယခင်ကလောက် တောင့်၍ မခံနိုင်တော့။ကားစီးစက တစ်နာရီလောက်နေမှတစ်ခါသာ ပျို့သော်လည်း ယခုအခါ ဆယ့်ငါးမိနစ်တစ်ခါ ပျို့၍ တက်တက်လာသည်။သို့သော် သူမ၏ ဒုက္ခသည် ဤမျှနှင့်မပြီးသေး။
        သူမနှင့်ဘေးချင်းကပ်ခုံတွင်ထိုင်သည့် မိန်းကလေးသည် သူမအား တကယ်ပင်မရိုးရအောင် စိတ်အနှောက်အယှက်တွေ တစ်မျိုးပြီးတစ်မျိုး ထပ်၍ ပေးလာပြန်သည်။ထိုမိန်းကလေးသည် မှော်ပြန် ကောင်လေးများ ကြားစေရန် ရည်စူး၍ မကြာခဏ တစ်ခစ်ခစ်နှင့်ညှစ်၍ ရယ်ပြနေတတ်သည်။ထိုအအသံကို အနောက်အုပ်စုက ကြားရသည်၊မကြားရသည် မသိသော်လည်း သူမကတော့ မကြားချင်ဘဲ ခပ်စိပ်စိပ်ပင် ကြားနေရသည်။သူမသည် ထိုအသံကို နားကြားပြင်းကပ်လှသဖြင့်လည်ပင်းကို အတင်းလိမ်ချိုး၍ မျက်နှာကိုပြတင်းပေါက်ဖက်သို့ လှည့်ထားလိုက်သည်။သို့သော် အကြင်မိန်းကလေးသည် သူမအား ပြတင်းပေါက်ကို ကြာကြာကြည့်နေခွင့်မပေးဘဲ သူမကို လှမ်းလှမ်းခေါ်၍ စကားတွေ လာလာ ပြောတော့သည်။
         သူမသည် ထိုမိန်းက‌လေး စကားလာပြောသည်ကို အတော်ကလေး စိတ်ပျက်လှသည်။စကား‌ပြောလျှင်လည်း လက်ဟန်‌ခြေဟန်တွေက ပါသေးသည်။ 'သိလား အမ' ဟု အစချီ၍ ပေါင်ကို လာပုတ်လိုက်၊လက်မောင်းကို လာပုတ်လိုက်နှင့်။စကား‌ပြောလျှင်လည်းဗလုံးဗထွေးနှင့် ဘာတွေကို ပြောလို့ ပြောနေမှန်း မသိ။အကြောင်းကြုံကြိုက်၍ တစ်ခရီးတည်းသွားရသည့် ခရီးသွားဖော်တစ်ယောက်အပေါ်တွင် ရိုင်းပြစွာ ဆက်ဆံရန် မသင့်တော်လှသဖြင့်သာ သည်းညည်းခံ၍ နားထောင်နေရတော့သည်။တချို့တချို့သော စကားများကိုလည်း ပင်ပန်းနေသည့်ကြားထဲမှ အရေးတယူလုပ်၍ ပြန်ပြော‌ပေးနေရပြန်သည်။သူမ ဘယ်လို အခြေအနေဖြစ်နေသည် ဆိုတာကိုတော့ မိန်းကလေးသည် နည်းနည်းက‌လေးမျှ စိတ်ဝင်စားပုံမရ။ခပ်မာမာ ခပ်ပြတ်ပြတ်ပြော ပြီးတုံ့ပြန်ပစ်ချင်သော်လည်း ယခုကဲ့သို့ ပျော့ခွေအိကျနေပုံနှင့် တစ်ပါးသူအပေါ် လေသံမမာရဲသေး။
         နာရီ၊မိနစ်နှင့်စက္ကန့်တည်းဟူသောလူသားတို့၏ အချိန်များစွာကို တတိတိ လျှင်မြန်စွာ စား‌သောက်ပစ်တတ်သည့်လောက၏ အင်အားအကြီးမားဆုံးစက်ယန္တရားကြီးသည် သူမ၏ အဖိုးမတန်လှသော ဤအချိန်များကို ပုံမှန်ထက်ပို၍နှေးကွေး‌လေးကန်စွာ တိုက်စားနေကြ၏။သူမ၏ ဘေးခုံမှ အမျိုးသမီးသည် ၎င်း၏သူငယ်ချင်းဖြစ်ဟန်တူသူများနှင့် အဖွဲ့ကျနေရာမှ ဘာစိတ်ကူးပေါက်သွားပြန်သည် မသိ။သူမ၏ အနီးသို့ တိုးကပ်လျှက် စာအုပ်တစ်အုပ်၏အကြောင်းကို စိတ်ပါလက်ပါနှင့် ပြောလာပြန်လေသည်။
      သူမမှာကား ကြက်တူရွေးနှင့် ဆင်ဆင်တူလှသည့် ၎င်း မိန်းကလေး၏ အဖိုးတန်စကားများကို စိတ်မဝင်စားအား။တဂျီဂျီကြား‌နေရသော မနှစ်မြှိ့ဖွယ်ကောင်းလှသည့် အသံများသာဟု စိတ်တွင်မှတ်၍ ၎င်းမိန်းကလေးအားမုန်းတီးနေမိလေသည်။တစ်ပါးသူ၏အတွင်းစိတ်သဘောကို မသိရှာဘဲ သူမ၏စကားများကို စိတ်ဝင်တစား ဖြစ်နေသည်ဟု ထင်နေရှာသည့် မိန်းကလေး၏ဖြစ်အင်ကို သနားတော့ သနားလှသည်။သူမသည်၎င်းမိန်းက‌လေး၏ အဖိုးတန်စကားများကို ကျိတ်မှိတ်နားထောင်နေရင်း ရင်ဘတ်ထဲမှ ပျို့ပျို့တက်လာသည့် ဝေသနာကို ခံစားနေရကာ သည်းမခံနိုင်‌တော့သည့်အဆုံးတွင် အနက်ရောင် ပလတ်စတစ်အိတ်ထဲသို့ ပါးစပ်အလျှင်အမြန်သွင်း၍ 'ဝေါ့' ခနဲ အန်ချလိုက်လေသည်။ထိုအခါမှသာ ထို မိန်းကလေးသည် သူမ၏ပြည်တန်စကားများကို တိခနဲ ဖြတ်တောက်၍ အခြားတစ်ဖက်သို့ လှည့်သွားလေတော့သည်။
        မှန်ပြတင်း၏အပြင်ဘက်ရှိ တရိပ်‌ရိပ်ပြေးနေသည့်အရာများနှင့် တရိပ်ရိပ်ကျန်နေရစ်သည့်အရာများကို အသက်မဲ့နေသောမျက်လုံးများနှင့် ငေး‌မောကြည့်ရင်း ကားမူးသည့်ဒဏ်ကို တောင့်ခံနေခဲ့သည်မှာ အချိန်အတော်လင့်သွားခဲ့ဟန်တူသည်။နေမင်းကြီးသည် ယခင်ကသူမ၏ ဦးခေါင်းထက်တွင် ရှိနေခဲ့ရာမှ ယခုမူအနောက်တောင်ရိုးနှင့် တစ်ထွာခန့်အကွာသို့ ရောက်နေသည်။'အိပ်‌ပျော်သွားခဲ့ပါသည်'ဟု ဆိုရလောက်အောင်လည်း ကားစီးနေရသည်ဟူသည့် သတိကား ရှိနေခဲ့သေးသည်။သို့ဆိုလျှင် ဖြစ်ပျက်ကြုံတွေ့ခဲ့ရ သမျှအရာအားလုံကို သိခဲ့ပါ၏လောဟု မေးလာလျှင်ကား အလျှင်းမသိ။အရာရာသည် ဝေ‌ဝေဝါးဝါးနှင့် မှုန်မှုန်မွှားမွှားပင်။အိပ်‌ပျော်သွားသည်ဟု ယူဆ၍မရသော မိန့်မောခြင်းတစ်မျိုးသည် သူမ၏ဦးနှောက်နှင့်နှလုံးသားတွင် နေရာယူနေခဲ့ရာမှ ခန္ဓာဆီသို့ အသိစိတ်ပြန်လည်ကပ်ငြိ၍ လာသည်နှင့်တစ်ပြိုင်နက် ပျို့အန်လိုစိတ်တို့သည် အရှိန်နှင့်ထိုး၍တက်လာသည်။'အော့'ဟု လေချည်တစ်ချက်တက်လိုက်ပြီး တံတွေးအချို့ကို မနှက်မြို့စွာ မြှိချလိုက်၏။
       မျက်လုံးအိမ်အတွင်းသို့ ခေတ္တခဏမျှသာ အလည်ဝင်လာ‌သည့် အနိမ့်၊အမြင့်၊အဖြောင့်၊အကောက် အမျိုးစုံသည့် သစ်ပင်ကြီး သစ်ပင်ငယ်များ၊အစိမ်းရောင်အရွက်များဝေနေသေးသည့်သစ်ပင်၊အိုမင်း ရင့်ရော် နေပြီဖြစ်သည့်အရွက်ဝါဝါများကို လွယ်ထားရသည့် သစ်ပင်နှင့်အရွက်မရှိ‌တော့သည့် သစ်ပင်များသည် နှုတ်ဆက်စကားဆိုရန်ပင် အချိန်မရလိုက်ဘဲ အနောက်တွင် ဝေး၍ တစိမ်းတရံဆန်စွာကျန်ရစ်ခဲ့ကြသည်။နေမင်းဖန်ဝါသည် ၎င်း၏ လက်ကျန်အလင်းရောင်ကို အယုတ်၊အလတ်၊အမြတ်မရွေးဘဲ လောကကြီးထဲမှသက်ရှိအားလုံးအတွက် ထွန်းလင်းပေးလျှက်ရှိ‌သေးသည်။၎င်းသည် တစ်ခါတစ်ရံ သူမ၏ မျက်နှာပေါ်သို့ လှစ်ခနဲ လှစ်ခနဲ ရောက်၍လာတတ်သေးသည်။ကား၏ခေါင်းခန်းဘက်တွင်မူ ကားမောင်းသမားနှင့် သူ၏အကူဖြစ်သူ စပါယ်ယာ လူငယ်လေးတို့သည် တစ်စုံတစ်ရာကို တီးတိုးပြောဆိုရင်း အလုပ်များလျှက် ရှိကြ၏။ဘေးခုံမှမိန်းကလေးနှင့် ၎င်း၏အဖော်သူငယ်ချင်း တစ်စုမှလွဲ၍ ကျန်ခရီးသည်များအားလုံးသည် နှစ်ခြိုက်စွာ အိပ်မောကျနေကြပုံရသည်။ကား၏အနောက်ခန်း လေဟာပြင်တွင် ထိုင်သည့် အရက်သမားအုပ်စုသည်ပင်လျှင် တစ်ယောက်ပေါ် တစ်ယောက်ထပ်လျှက် ငြိမ်သက်စွာ အိပ်ပျော်နေကြပြီဖြစ်သည်။
       ကားသည် အရှိန်ပြင်းပြင်းနှင့် ခရီးနှင်နေရာမှ စားသောက်ဆိုင်တန်းအချို့ရှိရာသို့ အရောက်တွင် တဖြည်းဖြည်းအရှိန်လျော့ကာ တစ်ခုသော စားသောက်ဆိုင်ဝန်းအတွင်းသို့ ကွေ့ဝင်၍ ရပ်လိုက်သည်။ရုတ်တရက်ပြေးနေရာမှရပ်လိုက်သည့်အတွက် ငြိမ်သက်စွာရှိနေသည့်ခန္ဓာကိုယ်သည် အရှိန်ပျက်သွားကာ ရှေ့သို့ငိုက်ခနဲဖြစ်သွားပြီး ခေါင်းထဲက ပို၍မူးလာသည်။ယခင်ကတည်းက အန်ချလုနီးပါးဖြစ်‌နေရသည့်အထဲ ‌ကားရပ်လိုက်သောအခါ အစာအိမ်တွင်းမှ လက်ကျန်ပစ္စည်းများသည် လည်ချောင်းဝအထိ မိုးကြိုးသွားတစ်ခုကဲ့သို့ လျှင်မြန်စွာ ဆန်တက်လာကြ၏။နားထင်ဆီမှ ချွေးစေးတစ်ပေါက်သည် မေးရိုးအထိ နယ်ကျွန်လာသည်။ကားမောင်းနေစဉ်က ပြတင်းမှ လေတဟူးဟူးတိုးဝင်နေသဖြင့် သက်သာခဲ့သော ကား၏အနံ့နှင့် လူ၏ချွေးနံ့၊‌ရေမွှေးနံ့ နှင့် အရက်နံ့တို့သည် ရောပြွမ်း၍ အလုံးအရင်းနှင့် နှာခေါင်းဝသို့ အတင်းတိုး‌ဝှေ့ ဝင်လာကြသည်။သူမ၏ ရင်ဘတ်ဆီမှ လည်ချောင်းဝသို့ 'အော့'ဟု လေချည် တစ်ချက် ထပ်တက်လာ၏။
      နောက်ထပ်တစ်ကြိမ် လေချည်တက်မလာမှီ သူမသည် ခေါင်းတစ်လုံးထွက်သာယုံသာဖွင့်ထားသည့်ပြတင်းမှန်တံခါးကို အတင်းတွန်းဖွင့်လိုက်ကာ အပြင်ဘက်သို့ ဦးခေါင်းကို ထွက်၍ အောက်သို့အန်ချပစ်လိုက်သည်။အန်ခြင်းကိစ္စမပြီး‌မြောက်မှီ မူးနေသည့်ကြားမှ စည်း‌နှောင်ထားခဲ့ရသော ခေါင်းစည်းကြိုးသည် ဘယ်အချိန်ကစ၍ ပြေကျသွားခဲ့သည် မသိ။ဆံနွယ်များသည် ဂုတ်ပေါ်မှ ရှေ့သို့ ပြိုဆင်း၍ ကျလာလေသည်။သူမ၏ပုံစံသည် အဝေးမှကြည့်ကြည့် အနီးမှကြည့်ကြည့် နံရံတစ်ခုကို ဖောက်ထွက်လာသော ခေါင်းပြတ်သရဲမကြီးနှင့်တူနေလေသည်။ကမ္ဘာလူဦးရေသုံးပုံပုံနှစ်ပုံ၏ ဝါသနာသည် ထွာဘယ်လင်း ဘိုင် ကား(Travelling by car)ဖြစ်နေရခြင်းမှာ သူမနားမလည်နိုင်သော အံဩစရာကိစ္စကြီးဖြစ်လို့ပင်‌ နေချေပြီ။

မုန်း၍ဖြင့် မနေရစ်စေလိုWhere stories live. Discover now