Chapter 1

4.9K 135 0
                                    

Chapter 1

"ဆာစီးနီယာ....."

နှလုံးသားတစ်ခုလုံးကို ထိမိစေသော ကြင်နာသံကလေးဖြင့် သူမနာမည်ကို တစ်စုံတစ်ယောက်က အော်ခေါ်နေသည်။

နောက်ဆုံးတွင် ဆာစီးနီယာ အသံပိုင်ရှင်ကို ရှာတွေ့သွားရသည်။

ယူနီဖောင်းဝတ်ထားသည့် ကောင်လေးတစ်ယောက် သူမဆီ လျှောက်လာနေသည်ကို သူမတွေ့လိုက်ရသည်။  ခြေလှမ်းကျဲကြီးဖြင့် သူမအနီးသို့ ချဉ်းကပ်နေသည့် ထိုကောင်လေး၏ အနက်ရောင်ဆံပင်များက နေရောင်ထဲတွင် တဖျပ်ဖျပ်လွင့်နေလေသည်။ သူ၏ ခရမ်းရောင်မျက်လုံးများသည်လည်း ညကောင်းကင်ယံကဲ့သို့ တလက်လက် တောက်ပနေရသည်။ မည်သူမဆို မှတ်မိနိုင်သည့် နှာတံမြင့်မြင့်နှင့် ချွန်ထက်နေသည့် မေးရိုးတို့ကြောင့် ရုပ်ရည်ချောမောသူတစ်ယောက်ပင် ဖြစ်သည်။ထိုကောင်လေး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ပုခုံးပြင်ကျယ်ကြီးအောက်ရှိ ကြွက်သားများသည် တလှုပ်လှုပ်ဖြစ်နေသည်ကို အင်္ကျီအပေါ်ကပင် အထင်းသားမြင်နေရသည်။သူက ပန်းချီကားထဲမှ မင်းသားတစ်ပါးကဲ့သို့ ရှည်လျားလှသော ခြေတံရှည်များဖြင့် သူမဆီသို့ လျှောက်လှမ်းလာနေသည်။

'ငါ့နာမည်ကို သူဘယ်လိုသိတာပါလိမ့်…အခုမှ တွေ့ဖူးတဲ့ဟာ…'

ဆာစီးနီယာ စိုးရိမ်စိတ်ကြောင့် နှုတ်ခမ်းကိုက်ထားလိုက်ရင်း တွေးမိသည်။  သူမသည် ဘဝကို တိတ်တဆိတ်သာ အမှန်တစ်ကယ် ဖြတ်သန်းချင်သော်လည်း ယခုမူ တလွဲဖြစ်ရချေပြီ။

သူက လေးနက်သော မျက်နှာအမူအရာဖြင့် စိုးရိမ်နေပုံရသော ဆာစီးနီယာ ရှေ့တွင် ခြေလှမ်းရပ်လိုက်သည်။ထို့နောက် ဒူးတစ်ဖက် ထောက်ကာ သူမကို ကြည့်နေလေ၏။

"ဘာလဲ…ဘာလဲ…"

ဆာစီးနီယာ သူ့လုပ်ရပ်ကြောင့် တစ်ကိုယ်လုံး အေးခဲသွားရသည်။ လေပြေလေးက သူမတို့ နှစ်ယောက်ကြားကို ညင်သာစွာ ဖြတ်တိုက်သွားသည်။ ထို့နောက်တွင် ထူးဆန်းသော်လည်း ရင်းနှီးသောရနံ့တစ်ခု သူမထံ ကူးစက်လာရသည်။ဤကောင်လေး၏ ရနံ့မှာ သူမနှင့် ရင်းနှီးနေသဖြင့် သူမ နှလုံးသားတစ်ခုလုံး သိမ်မွေ့စွာ တုန်လှုပ်သွားရသည်။ ခေါင်းငုံ့ထားသည့် ကောင်လေးသည် ကြိုးဖြင့် အမှတ်အသားပြုထားသည့် သူမ၏ လက်ကောက်ဝတ်ကို စိုက်ကြည့်နေသဖြင့် သူမလက်ကောက်ဝတ်မှာ မီးကဲ့သို့ ပူလာသလို ခံစားရ၏။

အဓိကဇာတ်လိုက်က ငါ့ကိုစွဲလန်းနေတယ်Where stories live. Discover now