Episode 146

149 14 2
                                    

Uni

"ဘယ်လိုဖြစ်တာလဲ"

"အမေ့"

နှစ်ယောက်သားချိန်းတွေ့နေတဲ့နေရာဆီ ရုတ်တရက် ရောက်လာပြီး စားပွဲခုံကို ဖြန်းခနဲရိုက်လိုက်သည်ကြောင့် သက်လျာက အလန့်တကြားထအော်သည်။ သူတို့နှစ်ယောက်က သက်လျာတို့ အိမ်ခြံဝန်းထဲမှာ တွေ့နေကြတာဖြစ်သည်။ လူကြီးတွေကလည်း ဒီလိုလေးတော့ တွေ့ခွင့်ပေးကြသည်မို့ ခြံထဲက ခုံလေးမှာ ကြည်ကြည်နူးနူးရှိနေကြသည်သာ။ ပိုင်ဥာဏ်ကိုတော့ ရန်ကုန်ကလွင့်လာသည့် လေပွေရိုင်းလို့ပဲ ပြောရမည်လားမသိပေ။

ခန့်မင်းကျော်ပုခုံးပေါ် ခေါင်းလေးမှီနေသော သက်လျာက ဆတ်ခနဲခါးမတ်ပြီး ပိုင်ဥာဏ်ကို မလုံမလဲ ကြည့်သည်။ ပိုင်ဥာဏ်ကတော့ ကားသော့ကိုကိုင်လျက်သား ကြောင်တစ်ကောင်နှင့်ဖြစ်သည်။ မျက်နှာက ရှစ်ခေါက်ချိုးကိုလွန်လို့ ဆယ့်နှစ်ခေါက်ချိုးလို့တောင် ပြောရလေမလားမသိ။ ကားတစ်စီးနဲ့ဒီအတိုင်းထလာပုံပေါ်ကာ အထုပ်အပိုးဆိုလို့ ကျောပိုးလွယ်အိတ်တောင် ရှိမနေချေ။ သက်လျာတို့ မလန့်မှသာ ထူးဆန်းနေဦးမည်။ ဒီကောင် ဒီသတင်းကြားတာနဲ့ သရဲလိုမျိုး တန်းရောက်လာမယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ။

ပိုင်ဥာဏ်ကတော့ မျက်စိရှေ့က စုံတွဲကို ခပ်စူးစူးကြည့်ကာ စားပွဲခုံမှာ ဝင်ထိုင်သည်။ ကြောင်ကိုထိန်းထားတဲ့ ကြိုးကို လွှတ်ပေးလိုက်ပြီမို့ ချာချီက ကြောက်စရာကောင်းနေသော သူ့ဗလကြီးအနားမှ ရွှီးခနဲပြေးထွက်သွားသည်။ သက်လျာမှာ ထိုကြောင်ဝတုတ်ကြီးကိုကြည့်ရင်း ကြောင်မဖြစ်တာကိုတောင် နောင်တရသလိုလိုဖြစ်သွားသည်။

"ငါမေးနေတယ်လေ။ ဘယ်လိုဖြစ်ကြတာလဲ။ အဲ့ဒီကိစ္စ အစကနေအဆုံးထိ ငါသိချင်တယ်"

ပိုင်ဥာဏ်က မျက်နှာထိမျက်နှာထားနှင့် နောက်တစ်ကြိမ်မေးလာပြန်သည်။ သက်လျာက တံတွေးမျိုချကာ ခန့်မင်းကို အားကိုးတကြီးမော့ကြည့်သည်။ ခန့်မင်းကျော်လည်း မကြောက်တာတော့ မဟုတ်ပေမဲ့ သူ့ညီမလေးကိုကာကွယ်ရမည့်အရေးမှာတော့ နည်းနည်းလေးမှ လက်မနှေးပေ။

"အသက် အိမ်ထဲဝင်နေလေ။ ကိုယ်ပြောလိုက်ပါ့မယ်"

သက်လျာပုခုံးပေါ်ဖက်ထားသော လက်ကို နှမြောတဿစွာဖယ်ပေးပြီး အိမ်ထဲပြန်ဝင်ခိုင်းနေသည်။ သက်လျာက ဒီလိုဆိုတော့လည်း မဟုတ်။ သူ လွတ်ရာကျွတ်ရာရောက်တာက ထားပါဦး။ ပိုင်ဥာဏ်က စိတ်ရူးပေါက်ပြီး သူ့ကိုကြီးကို ထထိုးရင် ဘယ့်နှယ်လုပ်မလဲ။

ကောင်းကင်တမျှ (Completed)Where stories live. Discover now