{Unicode}
... ငါ့ကို သတ်နေတာပဲ...
***
ယခင်အပိုင်းမှ အဆက်...
ည ၁၀နာရီ...
ကျွန်တော့်မှာ ခရီးပင်ပန်းမှုကြောင့် အရမ်းကို ပင်ပန်းနေပေမယ့် အိမ်ကို ပြန်ဖို့ ကျွန်တော် အစ်ကို့ကို မပြောရဲပါ။ မျက်လုံးမှ မျက်ရည်များ ထွက်ပြီး အိမ်ချင်နေပေမယ့် အစ်ကို့ပုံစံက အရမ်းတည်နေတာမို့ ကျွန်တော် အသက်ရှုဖို့တောင် မ၀ံ့ရဲပါ...။
အစ်ကိုက ကျွန်တော့်ရှေ့မှာ ထိုင်နေပြီး သူ့ဖုန်းကိုသာ အာရုံစိုက်ဟန် ရှိနေပေမယ့် ကျွန်တော့်ကို စိုက်ကြည့်နေသလို ခံစားနေရသည်မို့ ကျွန်တော့်မှာ ပိုပြီး ဘယ်လိုနေရမလဲဆိုတာ မသိတော့...။
ကျွန်တော့်မှာ ပြီးပြီးသား ပုစ္ဆာတစ်ပုဒ်ကိုပင် သူ့ဆီသို့ သွားမပြရသေးဘဲ စာကိုသာ ကုန်းရေးနေဟန် လုပ်ထားမိသည်။ ကျွန်တော့်မှာ သူ့ကို ဘယ်လိုပြောရမလဲ မသိ... စဥ်းစားနေဆဲမှာပင်... ကျွန်တော့်ကို စူးစိုက်စွာ ကြည့်လာသည့် အစ်ကို့အကြည့်တစ်ချက်...
ကျွန်တော်လည်း အစ်ကို့ကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် အစ်ကို့အကြည့်နှင့် ကြာရှည်စွာ ရင်မဆိုင်နိုင်ချိန်မှာတော့ မျက်နှာလွှဲမိသည်။ ထိုအချိန်မှာတော့ အစ်ကိုက..."ပြီးပြီလား?"
တည်ငြိမ်သော အသံနှင့် အစ်ကိုက မျက်နှာတည်ကာ ကျွန်တော့်လက်ထဲမှ စာအုပ်ကို ဆွဲယူလာသည်။ စာမျက်နှာမှ စာများကို တစ်ချက်ကြည့်လိုက်ပြီး... ကျွန်တော်ရှိရာသို့ ပြန်ပေးသည်။
"အိမ်ပြန်ချင်တာ မလား? သွား ပြန်တော့...။
နောက်တစ်ခါ တစ်နေရာရာ သွားမယ်ဆို ငါ့ကို မင်းကိုယ်တိုင် ခွင့်လာတိုင်ရမယ်။ အေး... ငါ မသိဘဲ တစ်နေရာရာ သွားရင်တော့ ငါနဲ့တွေ့မယ်... ကြားလား?""ဟုတ်... ဟုတ်ကဲ့..."
ကျွန်တော်လည်း အစ်ကို့ကို ကြည့်ကာ ခေါင်းညိမ့်ပြီးသည့် နောက်မှာတော့ စာအုပ်ကို ပိုက်ကာ အစ်ကို့ကို ကြည့်လိုက်မိသည်။ ည၁၀နာရီလောက်မို့ ပတ်၀န်းကျင်က တိတ်ဆိတ်နေပြီ ဖြစ်သည်။ အစောနက အိမ်က လာခေါ်တာကိုလည်း အစ်ကိုက ပြန်လွှတ်လိုက်ပုံ ရပါသည်။