" မေမေ ရေးရေးရော "
သတိုး အိမ်ပြန်ရောက်ရောက်ချင်း အခန်းထဲမှာ ရေးရေးထင်ကို မတွေ့တာမို့ ပန်းပင်တွေ ရေလောင်းနေသည့် ဒေါ်မူယာ့ကို လာမေးသည်။ဒေါ်မူယာက ရေပိုက်ကို ပိတ်လိုက်ပြီးမှ
" အခန်းထဲမှာ မဟုတ်ဘူးလား။ "
" မတွေ့လို့ မေမေ့ကို လာမေးတာ။ မေမေများ ရေးရေးကို အလုပ်ကိစ္စသွားခိုင်းလိုက်သေးလားလို့လေ။ "
" ဒီနေ့က ၁၂နာရီလောက်မှ သွားဖို့ရှိတာ။ ဘာမှမခိုင်းထားပါဘူး။ "
" သြော် ... ဟုတ်ကဲ့ ...အိမ်ထဲမှာ ရှိနေမယ်ထင်တယ်။ သွားရှာလိုက်ဦးမယ်။ "
သတိုးက ဒေါ်မူယာ့ကို ပြောပြီး အိမ်အတွင်း တစ်ခေါက်ဝင်သွားသည်။မီးဖိုချောင် အပါအဝင် နေရာတော်တော်များများ ရှာတာတောင် ရေးရေးထင်ကို မတွေ့ဘူး။
" အန်တီအေးလွင် ... ရေးရေးကို တွေ့သေးလား။ "
" မနက်ထဲက မတွေ့မိဘူးထင်တယ်။သတိုးက အခုမှ ပြန်ရောက်တာလား။ "
" ဟုတ်ကဲ့။ ဒီကောင်လေး ဘယ်များသွားနေလဲ မသိဘူး။ "
သတိုးက ရေးရေးထင်၏ ဖုန်းကို ခေါ်ကြည့်လိုက်သည်။ဖုန်းကအခန်းထဲမှာပဲ ရှိနေပေမယ့် လူတော့ မတွေ့သေးဘူး။ သေချာအောင် ရေချိုးခန်းထဲပါ သတိုးက တစ်ခေါက်ပြန်ရှာကြည့်လိုက်သည်။
ရေးရေးထင်ဘက်က ဖွင့်ပြောလာမည့် ချစ်မေတ္တာတွေ အကြောင်း နားထောင်ဖို့ အားခဲပြီး အမြန်ပြန်လာပေမယ့် အခုလို ရေးရေးထင်ကို မတွေ့တော့ ပျော်နေသည် စိတ်ကလေးတောင် အနည်းငယ် နောက်ကျိသွားသည်။
" မတွေ့ဘူးလား သား။ "
ဒေါ်မူယာကပါ အခန်းထဲ ရောက်လာပြီး သတိုးကို မေးလာသည်။
" ဟုတ်ကဲ့ ... ရေးရေးက ဘယ်သူ့မှမပြောဘဲ အခုလို သွားတက်တာလည်း မဟုတ်ဘဲ ... "
ဒေါ်မူယာ့ကို ပြန်ဖြေရင်းမှ သတိုးလည်း စိတ်ထဲထင့်သွားကာ ကုတင်ပေါ် ထိုင်နေရာမှ ခပ်သွက်သွက် ထ,လိုက်ပြီး ဗီရိုတံခါးကို ဖွင့်ကြည့်သည်။ ဒီအိမ်ကို ရောက်ခါစက သတိုးလိုက်ဝယ်ပေးထားသည့် အဝတ်အစားတွေက အထပ်လိုက်။ရေးရေးထင်၏ အိမ်က ယူလာသည့် အဝတ်အစားတွေသာ လျော့သွားသည်။