" ဒေါ်လေး ဘေးက ခြံကို ဘယ်သူတွေ ရောက်လာတာလဲ။ "
ငှက်ဖျားတိုက်ဖျတ်ရေး ဆေးပေးခန်းဆိုတဲ့ အဆောက်အဦးက ရေးရေးထင် ငယ်ငယ်ထဲက သံစူးကြိုးခတ်ပြီး ကာထားတာ ဒီနေ့ဒီအချိန်ထိပဲ။ ပြီးခဲ့တဲ့ သုံးလလောက်ကမှ ထိုအဆောက်အဦးကို မွမ်းမံပြီး ဆေးတွေ သုတ်ထားတာမို့ သားနားသွားတာ။ အခုတော့ ယောကျ်ားလေးသုံးယောက်နှင့် မိန်းကလေးငါးယောက်က အထုပ်အပိုးတွေနဲ့ ကားအကောင်းစားလေးစီးလောက်ဖြင့် ရောက်လာသည်။
" လုပ်အားပေး ဆရာဝန်တွေလေ။ ငါတို့မြို့ကို လုပ်အားပေးအလှည့်ကျလို့ ရောက်လာတာ။မင်း သိမယ်ထင်နေတာ။ "
" သြော် ... ကျွန်တော်က အိမ်မှမကပ်တာ ဘယ်သိမှာလဲဗျ။ "
တကယ်လည်း ရေးရေးထင် အိမ်ကပ်ရသည်က ရှားသည်။မနက်လင်းလာရင် ဆိုင်မှာ ကူလုပ်ပေး၊ နေထွက်သည်နှင့် ခေါက်ဆွဲမှာထားသမျှ သွားပို့ရသည်။ ပြန်ရောက်မှ အိမ်မှာ ရေချိုး အဝတ်အစားလဲသည်။ ပြီးရင် ဆိုင်တစ်ခေါက်ပြန်ရသည်။ ညနေခင်း ခေါက်ဆွဲ တစ်ခေါက် ပြန်ပို့ပေးပြီးမှ ညဘက်အိမ်ပြန်အိပ်သည်။တစ်နေ့တာက ဒါနဲ့ပဲ လှည့်နေတာ။
" မင်းအမေရော ကျန်းမာရဲ့လား။ အပြန်ကျရင် မင်းအမေအတွက် ကြက်ပေါင်းထည့်ပေးလိုက်မယ်။"
" အခုတလော ပြန်, ပြန်မောနေတာ။ ဒီမှာ ဆရာဝန်တွေ ရောက်နေတာဆိုတော့ အမေအတွက် အဆင်ပြေသွားတာပေါ့။ "
ဒေါ်သိင်္ဂီက အဖေ့ဘက်ကအမျိုးဆိုပေမယ့် အမေအရင်း တစ်ယောက်လို ရေးရေးထင် အပေါ်ကောင်းသည်။ အသေးစိတ်ကစ ဂရုစိုက်သည်။
" အချိန်နောက်ကျနေမှာဆိုးလို့ ကျွန်တော် သွားတော့မယ် ဒေါ်လေး။ "
ခေါက်ဆွဲထည့်တဲ့ ဖော့ဗူးကို ငါးဗူးတစ်အိတ်ထည့်ပြီး စုစုပေါင်း လေးအိတ်ဖြင့် ရေးရေးထင်က စက်ဘီးနဲ့ ထွက်လာခဲ့သည်။ခြံထဲကနေ စက်ဘီးနင်း ထွက်လာပြီးမှ တစ်ဖက်ခြံက ဆရာဝန်တွေကို ဘာရယ်မဟုတ်လှမ်းကြည့်လိုက်သည်။