11 || စူးစိုက်နစ်မြှုပ်ထားခြင်း

1.1K 204 10
                                    

UNICODE

အပိုင်း (၁၁)
စူးစိုက်နစ်မြှုပ်ထားခြင်း

စာသင်ခန်းတစ်ခန်းလုံး တဟားဟား ဝိုင်းရယ်ကြတော့သည်။ ဖေးပိုင်လည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ကာ ဆရာမကို ပြော၏။

"ဆရာမ.. ကျွန်တော်လည်း ထိုင်ချင်ပေမဲ့ ထိုင်စရာနေရာ မရှိလို့ပါ"

ဆရာမလည်း စင်မြင့်နံဘေးရှိ စားပွဲခုံအလွတ်ကို လက်ညှိုးထိုးပြလေသည်။

"ဒါဆိုလည်း ဒီမှာ လာထိုင် လာ"

__အခန်းနောက်ဆုံးမှာ မတ်တပ်ရပ်နေရမှာထက်စာရင်တော့ တော်ပါသေးတယ်လေ။

ဖေးပိုင်လည်း တံတွေးမျိုချကာ စင်မြင့်အနီးရှိ ခုံဆီ တရွတ်တိုက် သွားလေတော့၏။ ဘဝ၌ အလေးနက်ဆုံးသော၊ ကြောက်စရာအကောင်းဆုံးသော စိတ်ကြိုက်ဘာသာကို သင်နေရသလို ဖေးပိုင် ခံစားမိသည်။ ဆရာမသည်လည်း မကြာခဏဆိုသလို ဖေးပိုင်အား စကားလှမ်းလှမ်းပြောသေး၏။ ဖေးပိုင်ခမျာ သူ့ကိုယ်သူ စာသင်ခန်း၏သက်ရှိသင်ထောက်ကူဟုပင် ထင်မှားလာရသည်။

ဖေးပိုင်မှာ သင်ခန်းစာပြီးဆုံးချိန်အထိ နိုးနိုးကြားကြားရှိအောင် အတော်လုံးပန်းလိုက်ရ၏။ တံခါးဆီ သွားသည့်လမ်းတွင် တစ်စုံတစ်ယောက်က သူ့အား ခြေထိုးလိုက်သလို ရုတ်တရက် ခံစားမိသည်။ ချက်ချင်းဆိုသလို ဒူးများ ပျော့ခွေယိုင်ကာ ကြမ်းပြင်ထက် ဗုန်းခနဲ လဲကျသွားတော့၏။

ဖေးပိုင်လည်း နံရံကို မှီ၍ ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ရသည်။ အနှီလူယုတ်မာကို ရှာရန် ခေါင်းမော့လိုက်သည်နှင့် လက်သည်တရားခံက ထွက်သွားလေပြီ။ ကော်ရစ်ဒါရှိ မီးရောင်က မှိန်ဖျော့နေ၍ ခပ်ဝါးဝါးပုံရိပ်ကိုသာ မြင်လိုက်ရ၏။

ဖေးပိုင်မှာ သူ့ဒူးသူ ဖုန်ခါလိုက်သည်။ ထိုအချိန်တွင် သူ့အား နံဘေး၌ မထိုင်ခိုင်းစေချင်သည့် ဆံပင်အပြာရောင်ကောင်လေးက အနှီလက်သည်တရားခံနှယ် ခံစားရ၏။

__ဒီကောင် ဘာဖြစ်တာလဲဟ?

နောက်စာသင်ချိန်က ဖေးပိုင်၏ ပညာရပ်အတန်းချိန်ပင်။ အခန်းထဲ ရောက်သည်နှင့် ချောင်းလီက နေရာကြိုဦးပေးထား၏။ ဖေးပိုင်လည်း ထိုင်ချကာ စိတ်ကြိုက်ဘာသာအတန်း၌ ဒုက္ခပေးခဲ့သည့် ဆံပြာကောင်အကြောင်း မကျေမနပ် ပြောပြတော့သည်။ ပြောပြီးနောက် ချောင်းလီအား စိတ်ပျက်လက်ပျက် မေးလေ၏။

ငါ လူမှားဖလစ်မိပြီ (Translation)Où les histoires vivent. Découvrez maintenant