"အင်း၊သိတယ်ပြောရမလား၊မသိဘူးပဲပြောရမလား"

"နင့်စကားကလည်း၊ရှင်းရှင်းပြောစမ်းပါ မိကေသီရယ်"

"ဒီလိုလေ၊အဲတစ်ယောက်ရဲ့ သမီးနဲ့ငါနဲ့ခင်တယ်၊သူနဲ့တော့မခင်ဘူး"

"သူ့သမီးကဘယ်အရွယ်ရှိပြီလို့လဲ၊နင်တို့ကျောင်းကပဲလား"

"ငါတို့ကျောင်းကမဟုတ်ဘူး၊ငါအခု နေနေတဲ့အခန်းရဲ့မျက်နှာချင်းဆိုင်အခန်းမှာနေကြတာ၊သူ့သမီးကတော့ ယူနီဖာစ့်ရီးယားပဲရှိပါသေးတယ်"

"ဘုရားရေ!"

"အို ဘာဖြစ်လို့လဲ!"

ကောက်ကာငင်ကာ ဘုရားတလိုက်သော ရွှေဇင်ကြောင့် လန့်ဖျတ်သွားရသည်။

"ဆယ့်ငါး၊ဆယ့်ခြောက်အရွယ်ကလေးတစ်ယောက်ရဲ့အမေက အဲ့လောက်တောင် လှပြီးအရွယ်တင်ရသလားလို့ပါ"

ရွှေဇင်တွေးသလိုတော့ တစ်ခါမှ မတွေးမိခဲ့ဖူး။
ဘေးဖက်အနေအထားဖြင့်မြင်ရသောမြနန္ဒာကို သေချာကြည့်မိသည်။ကျယ်ပြန့် ပြေပြစ်သောနဖူး၊ဖြောင့်စင်းချွန်မြသောနှာတံ၊မထူမပါးနှုတ်ခမ်းများ၊မေးရိုးသွယ်သွယ်၊ကျော့ရှင်းလှပသည့်လည်တိုင်...။ဟုတ်တော့လည်း ဟုတ်နေတာပဲ။ကလေးအမေ တစ်ယောက်အနေနဲ့ မြနန္ဒာ သိပ်လှနေသည်။အဲသည်အလှမှာ ကျဆုံးခဲ့ရတဲ့ယောကျ်ားတွေ ဘယ်လောက်တောင်ရှိခဲ့ပြီလဲ ။အခုပဲကြည့်လေ၊ ဟိုလူရဲ့အကြည့်တွေ၊မြနန္ဒာအပေါ် တပ်မက်စိတ်နဲ့ ဘယ်လောက်တောင် တောက်ပနေလိုက်သလဲ။မြနန္ဒာကတော့ သိလျက်နဲ့ မသိကျိုးကျွန်ပြုထားပုံပဲ။ယုံကြည်ချက်အပြည့်နဲ့ စကားပြောနေသော မြနန္ဒာ၏စီးပွားရေးလုပ်ငန်းရှင်ပုံစံက စီးပွားရေးစိတ်မဝင်စားသည့်ကျွန်မအတွက်မူ စိမ်းသက်နေခဲ့သည်။
ကျွန်မနဲ့တွေ့တိုင်း  ထိမထင်ဟန်နဲ့လှောင်ရယ်တတ်တဲ့ မြနန္ဒာမဟုတ်တော့။သူ့မျက်စိထဲမှာ ကျွန်မကပဲလှောင်စရာဖြစ်နေသလား၊ဆရာဝန်တွေကိုပဲ လှောင်စရာအဖြစ်မြင်နေလား မသိ။

ကြည့်နေစဥ်မှာပင် ထိုလူက မြနန္ဒာ၏ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်လေသည်။မြနန္ဒာမျက်နှာ ပျက်သွားသော်လည်း အချိန်မီပြန်ထိန်းလိုက်သည်။မသိမသာရုန်းထွက်ပေမယ့် ဟိုလူကလည်း အလွတ်မပေး။မြနန္ဒာခုံပေါ်မှထလိုက်တော့ ထိုလူလည်းလိုက်ထသည်။လက်ကိုမူ ဆွဲထားဆဲ၊မြနန္ဒာကလည်းမသိသာရုန်းဆဲ။အနားတွင် လူသိပ်မရှိ၍ တော်ပါသေးသည်။သို့သော် ဒီအတိုင်းဆို မကြာခင် လူတွေကြည့်ရမည့်အဖြစ်ရောက်တော့မည်။
ဒီအခြေအနေမှာတောင် အပြုံးမပျက်သည်းခံနေနိုင်သော မြနန္ဒာကို ကျွန်မ မချင့်မရဲဖြစ်မိသည်။ကျွန်မ ထိုင်ရမှထလိုက်သည်။

To Cathy With LoveWhere stories live. Discover now