"ဗျာ.."

အရင်က သူ နားမလည်ခဲ့သောနေခြည့်အတွက် ဒယ်ဒီ့ရဲ့သိမ်မွေ့ခြင်းတွေကို အခုချိန်မှာတော့ ကိုယ်တိုင်ပဲကျင့်သုံးလာတတ်ပြီဖြစ်သည်။ သူ့မှာက သားတစ်ယောက်သာရှိပြီး သမီးများသည်မို့ ဒီဟာလေးတစ်သိုက်နဲ့ အဆင်ပြေအောင်တော်‌တော််လေးကို ကြိုးစားခဲ့ရတာဖြစ်သည်။

အရင်ဆုံးအနေနဲ့ သူရဲ့ စိတ်မရှည်တတ်တဲ့ အကျင့်စရိုက်ကို မြောင်းထဲပို့ခဲ့ရပြီး ဒီဟာလေးတွေအလိုကျ ကြင်နာတတ်အောင် ကြိုးစားနေထိုင်ခဲ့သည်။ ထိုသို့ပြောင်းလဲမှုက အစပိုင်းမှာသူ့အတွက်ခက်ခဲခဲ့သော်လည်း ငယ်သေးတဲ့သမီးငယ်ရဲ့ ပုံရိပ်တို့ အမြဲခြံရံနေတတ်တဲ့ဒီဟာလေးတွေကို သူ့မှာအသည်းတယားယားနဲ့ စောင့်ရှောက်လာခဲ့ရင်း အခုဆိုရင် သူဟာဒီဟာလေးတွေအတွက် စိတ်အရှည်နိုင်ဆုံး လူသားတစ်ယောက်ဖြစ်လာခဲ့ပြီ။

ဘယ်လိုပဲဖြစ်ဖြစ် ငယ်သေးတဲ့သမီးငယ်လေးတွေနဲ့ ရင့်ကျက်လာတဲ့သူ့ရဲ့ ပုံစံက နေ့ရက်တိုင်းကို ကြည်လင်နေတော့သည်။

"ပါပါး ကြယ်ရောင့်ကိုပဲကြည့်...။"

အတွေးများနှင့်ကြည်လင်စပြုနေသော သူ့မျက်နှာကို လက်သေးသေးလေးတွေနဲ့ ဆွဲယူပြီးပြောလာတဲ့ ကြယ်ရောင့်ကို သူလည်း မျက်ခုံးတစ်ချက်ပင့်ပြလိုက်ရင်း....
"ဟုတ်ပါပြီ။ ပြောပါဗျာ....ဘာများပါလိမ့်။"

"အထွေမထူးတော့မဟုတ်ပါဘူး...။ ပါး... မာမားကို သမီးငယ်လို့မခေါ် တော့ပါနဲ့လား။"

"ငယ်ငယ်လေးထဲက ခေါ်လာတော့ နှုတ်ကကျိုးနေပြီကွ။"

"ဒါဆိုလည်း ကြယ်ရောင်တို့ကိုလည်းနာမည်ပဲခေါ်လေ။ သမီးလို့ မခေါ်နေနဲ့ ငယ်သေးတာပဲ။ ပါပါး အကျင့်ဖြစ်သွားမှာပေါ့။ ဟုတ်တယ်နော် ကိုကို........"

ကြယ််ရောင်သည် သူ့အားပြောနေရင်းကနေမှ စာအုပ်များဖြင့် အလုပ်ရှုပ်နေသော ကောင်းကင်ဘက်သို့ ဆက်ခနဲလှည့်ကြည့်ပြီး မေးလေသည်။ ထိုသို့အလှည့်မှာပဲ သူသည်ဝဲလွင့်သွားတဲ့ သမီးရဲ့ဆံပင်တွေထဲကို လက်ချောင်းလေးတွေထိုးပြီး အနည်းငယ်သတ်ချပေးဖြစ်သည်။ ဒါဟာသူ့အတွက်တော့ အလိုအလျောက်တုန့်ပြန်မှုတစ်ခုလိုပင် တွေးနေစရာမလိုတဲ့ အလိုက်သိမှုတွေထဲမှ တစ်ခုဖြစ်နေသည်။

အချစ်ဦး (Completed)Where stories live. Discover now