အပိုင်း (၁၅)

3.4K 138 4
                                    

ဒုတိယနှစ်ဝက်၏ အစမှာ ချမ်းအေးစပြုလာသည့်ရာသီဥတုကြောင့် ဆွယ်တာအပါးလေးကို ထပ်ဝတ်ခဲ့ရင်း အခန်းကနေထွက်လာခဲ့သည်။ ဧည့်ခန်းကနေ ဖြတ်လျှောက်သည့်အချိန်တွင် ထမင်းစားခန်းဘက်မှ ဖေဖေနှင့်မေမေ၏ စကားသံများကို ကြားလိုက်ရသည်။

"အလုပ်တွေကိုပဲ အချိန်ပြည့်အာရုံမစိုက်ပါနဲ့ဖေကြီးရယ်။ ကျန်းမာရေးလည်း ဂရုစိုက်မှပေါ့။ တစ်နေ့တစ်နေ့ အဖေကြီးတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေရတာနဲ့ပဲ...ကျွန်မလည်းစိတ်ထဲမအေးရဘူး"

"ဟုတ်ပါပြီ...ဂရုစိုက်ပါ့မယ်။ အခုလည်း ဂရုစိုက်နေတာပေမယ့်လည်း..အခုထက်ပိုပြီးဂရုစိုက်လိုက်ပါ့မယ် ဒါဆိုကျေနပ်တော့နော်။ မေကြီးမျက်နှာမကောင်းရင် အလုပ်သွားရမှာတောင် စိတ်မဖြောင့်ဘူးဗျာ..."

"အင်း အင်း..ဟုတ်ပါပြီ။ ကောင်းကောင်းသွားနော်..."

စကားသံကြည့် ကြားနေရသော်လည်း အကြင်နာတွေဝေနေမည့် ဒီရပ်ဝန်းကို ငယ်မှန်းဆကြည့်လို့ရပါသည်။ ထို့ကြောင့်ပဲ ထမင်းစားခန်းကနေ ဖေဖေထွက်လာသည့်အချိန်မှာ ငယ်သည် မျက်နှာကိုချိုအီကာဖြင့်ထားလိုက်ပြီး ဖေဖေ့ထံကိုမျက်ခုံးပင့်ကာ စ,နောက်မိသည်။

"သမီးငယ်လေးတောင် ကျောင်းသွားဖို့ပြီးနေပြီ။ သွား..သွားတော့လေ"

ငယ် စ,နေသည်ကို ရှက်သည့်အလား ဖေဖေကငယ့်ကို အတင်းနှင်ထုတ်နေသည်ဟု ယူဆပြီး ဧည့်ခန်းကနေ ထွက်လာပေးခဲ့သော်လည်း ငယ်ဖြင့် အိမ်တံခါးတောင်မရောက်သေးဘူး...

"ဒီနေ့တော့ အားဆေးလေးပေးပါ မေကြီးရယ်" ဆိုသည့် ချွဲပျစ်ပျစ် ဖေဖေ့အသံကြောင့် ငယ်သည် ကြားရသည့်နားမှစ၍ ခန္ဓာကိုယ်အနှံ့ကို ဓာတ်လိုက်သွားသကဲ့သို့ အမူအရာလုပ်လိုက်ပြီး အိမ်ထဲကနေအမြန်ပင် ပြေးထွက်ခဲ့လိုက်သည်။

"နေပါဦး...နင့်မျက်နှာက ဘာဖြစ်လာတာလဲ။"

ဒီနေ့မှ ငယ်နဲ့အတူကားကြုံလိုက်မည့် ဖြူဝင်းက ငယ်တို့လမ်းထိပ်မှာ စောင့်နေတာဖြစ်သည်။ ဖြူဝင်းကို ကားပေါ်တင်ခဲ့သော်လည်း ငယ်သည် အိမ်ကဖေဖေနဲ့မေမေကိုသာ ပြန်တွေးနေရင်း မျက်နှာရှုံ့မဲ့နေဆဲဖြစ်သည်။

အချစ်ဦး (Completed)Where stories live. Discover now